Thursday, November 13, 2008

ဟိုတွေးဒီတွေး(၂)

မနေ့ညက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပါသည်။ သူငယ်ချင်းဖုန်းဆက်တာ ဘာဆန်းသလဲလို့။ ဟုတ်ကဲ့ မဆန်းပါခင်ဗျာ။ ဆန်းတာက သူဆက်တဲ့အချိန်နဲ့ နေရာပါ။ ကျနော်တို့အချိန် မနက် ၂ နာရီလောက် ရန်ကုန်ကနေဆက်တာပါ။ ညနက်သန်းခေါင် ဖုန်းလာတော့ ဘယ်သူများ ဘာတွေဖြစ်ကုန်ပြီလဲလို့ စိတ်ပူရတာပေါ့ခင်ဗျာ။ အချိန်မတော် ပုံမှန်မဟုတ်တဲ့ ဖုန်းသံကြားရင် သူသူကိုယ်ကိုယ် ထိတ်လန့်သွားတတ်ပါတယ်။ နံပတ်ကို ကြည့်လိုက်တော့ အန်နုန်းနံပါ။ ထိတ်ထိတ်ပျာပျာနဲ့ ဖုန်းကိုင်လိုက်တော့ သူက အေးဆေးပါပဲ။ နေကောင်းလားတဲ့။ အိပ်နေပြီလားတဲ့။ မောင်ထက်ခိုင် အိပ်လို့ကောင်းနေချိန် ဖုန်းလာတော့ ပထမတော့ စိတ်ပူတာပေါ့နော်။ အခုသူက အေးအေးဆေးဆေးဆိုတော့ စိတ်အေးသွားပါတယ်။ အိပ်နေပြီပေါ့။ ဘယ်အချိန်ရှိနေပြီလဲ။ ဒီသူငယ်ချင်းက ရန်ကုန်ပြန်သွားတာမကြာသေးပါ။ သူက ပြန်ရောက်နေပြီဟု ပြောပါသည်။ ရန်ကုန်ပြန်သွားတုန်းက နဲနဲကြာမည်ဆိုပြီး ပြောသွားပါသည်။ သူ့အကြောင်းနဲ့သူပေါ့လေ။ အခုပြန်ရောက်နေပြီဆိုတော့ အံ့ဩသွားပါသည်။ သူက နေ့နဲ့ည မှားနေ၍ အိပ်မရသဖြင့် ဖုန်းဆက်ပါသည်တဲ့။ ကောင်းပါတယ်။ သူအိပ်မရတာနဲ့ မောင်ထက်ခိုင်ကို တန်းပြီး သတိရလိုက်တာပါ။ အေးလေ။ နိုးသွားပြီဆိုတော့လည်း ဆက်ပြောရုံပေါ့။ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေရင်းနဲ့ မယုံလို့ ထပ်မေးမိပါသည်။ တကယ်ပြန်ရောက်နေတာလား။ ဘာအတွက်ကြောင့် အန်နုန်းနံပါ နဲ့ဆက်တာလဲ။ အံမယ် သူက သူ့ဖုန်းနံပတ် သူများသိမှာစိုးလို့တဲ့။ သူနဲ့ မောင်ထက်ခိုင်က သူငယ်ချင်းအရင်းကြီးပါ။ ဒါမျိုးလာလုပ်လို့ ဘယ်ရပါ့မလဲ။ သူ့ဖုန်းနံပတ်က မောင်ထက်ခိုင်ဖုန်း ထဲမှာ ရှိပြီးသားပဲ။ တခုခုတော့ တခုခုပဲ။ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေဆဲပါ။ ဒါနဲ့ပဲ သူ့ဖုန်းကို ပြန်ဆက်မည်ဟု ပြောလိုက်ပါသည်။ ဒီတော့ သူက ဆက်ပေါ့ ဆိုပြီး ဖုန်းချသွားပါသည်။ သူ့ဖုန်းကို ဆက်တော့ ဖုန်းပိတ်ထားပါသည်။ မောင်ထက်ခိုင်တစ်ယောက်တော့ အညာမိပြန်ပြီပေါ့။ ခဏကြာတော့ သူပြန်ဆက်ပါသည်။ ဒီတခါတော့ နံပတ်က ၁၂၃၄ ဆိုပြီး ပေါ်ပါတယ်။ သိလိုက်ပါပြီ။ သူ မောင်ထက်ခိုင်ကို ရန်ကုန်ကနေ လှမ်းကြပ်နေတာပါ။ ရယ်လိုက်တာမှ အူလှိုက်သဲလှိုက်။ မောင်ထက်ခိုင်တစ်ယောက် အီလည်လည်နဲ့ သူဟားတာကို ငုတ်တုတ်ခံရပါတော့တယ်။ သူငယ်ချင်းဆိုတော့လည်း အပြစ်မယူသာဘူးပေါ့ခင်ဗျာ။ မောင်ထက်ခိုင်၏ သူငယ်ချင်းများကတော့ ဒီလိုချစ်ဖို့ကောင်းပါတယ်။ စဖို့နောက်ဖို့ဆိုရင် ထိပ်တန်း။ အယုံလွယ်သူ မောင်ထက်ခိုင် ခဏခဏ ခံရပါတယ်။ ကိုယ့်ဟာကိုယ် အားမနာတမ်း ဝေဖန်ရရင် မောင်ထက်ခိုင် အင်မတန် အယုံလွယ်ပါတယ်။ သူများပြောတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ဆယ်ခါပြောရင် ကိုးခါလောက်တော့ ယုံတတ်ပါတယ်။ မစဉ်းစားတတ်သော မောင်ထက်ခိုင်ပါ။ သူများပြောရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံလိုက်တာပါပဲ။ သူခင်မင်သည့်လူ ပြောသမျှယုံသည်။ ယုံကြည်မိလျင် ဘာကိုမှ မစဉ်းစားတော့ပေ။ ဤအားနည်းချက်ကြီးကား မောင်ထက်ခိုင်ကို ဒုက္ခအပေးဆုံးဖြစ်၏။ မောင်ထက်ခိုင်သည် စိတ်ပျော့သည်။ သနားတတ်သည်။ အားနာတတ်သည်။ ဒီလိုနဲ့ပဲ မောင်ထက်ခိုင်တစ်ယောက် သဘောကောင်းသူတစ်ယောက် ဖြစ်လာပါတော့တယ်။ သဘောကောင်းတော့ လူချစ်လူခင်ပေါတာပေါ့နော်။ ဒါပေသိ လူတိုင်းက အကူအညီတောင်းချင်ကြပါသည်။ မောင်ထက်ခိုင်ကလည်း ကူညီပါတယ်။ သူငယ်ချင်းများကလည်း မြှောက်ပေးရင်း ခိုင်းကြပါတော့တယ်။ ဟိုလူကဆရာကြီးတင်လိုက် ဒီလူကမြှောက်ပေးလိုက်နဲ့ မောင်ထက်ခိုင် ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကြီး စွဲလာပါတယ်။ ဒါကတော့ ကြုံလို့ ပြောပြတာပါ။ ကိုယ်ရည်သွေးတာမဟုတ်ရပါခင်ဗျာ။ သူငယ်ချင်းအကြောင်း ပြန်ဆက်ပါအုန်းမည်။ သူက စကိုက်သုံးပြီး ရန်ကုန်မှဆက်ခြင်း ဖြစ်ပါသည်။ အလွန်သက်သာပါသည်တဲ့။ တစ်မိနစ်ကို ပြားခြောက်ဆယ်သာ ကျပါသည်။ အရမ်းလည်း အံ့ဩမသွားပါနဲ့။ ရန်ကုန်က ဆက်ရင် တစ်မိနစ်ကို ၄ဒေါ်လာကျတဲ့အချိန်မှာ သူက ပြားခြောက်ဆယ်ဆိုပါလား။ မောင်ထက်ခိုင် တော်တော် စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့ အကျိုးအကြောင်းမေးကြည့်တော့ သူက အေးဆေးပါ။ သူ့ရဲ့စကိုက်အကောင့်ကို သူ့ခရက်ဒစ်ကတ်နဲ့ ချိတ်ပြီး ပြောတာပေါ့။ စကိုက်က ခရက်ဒစ်ကတ်ကို ဘီလ်လုပ်ပါတယ်။ သူအတွက်တော့ အဆင်ပြေသည်ပေါ့။ ခရက်ဒစ်ကတ်မရှိသော ရန်ကုန်က လူအများအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ သူက ပြောသေးသည်။ လိုင်းအရမ်းကြည်ပါသည်။ ကြည်မှာပေါ့။ ခရက်ဒစ်ကတ်မျက်နှာရှိသည်ကိုး။ ဒီနေရာမှာပြောချင်တာကတော့ လူတစ်ယောက်အပေါ်ယုံကြည်မှုဆိုတာ တော်တော်အရေးကြီးပါတယ်။ ခရက်ဒစ်မရှိတဲ့လူဟာ ယုံကြည်ခြင်းမခံရပါဘူး။ ခရက်ဒစ်အရေးကြီးပုံကို နောက်မှထပ်ပြောပါမည်။ မောင်ထက်ခိုင်တော့ ထုံးစံအတိုင်း ရောက်တတ်ရာရာတွေ ရေးပြန်ပါပြီ။ စကိုက်အကြောင်းလည်း ပါရဲ့။ သူငယ်ချင်းအကြောင်းလည်းပါရဲ့။ မောင်ထက်ခိုင် သဘောကောင်းတာလည်း ကြွားသေး။ ဘာပဲဖြစ်ဖြစ် သည်းခံပြီး ဖတ်ပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

No comments:

Post a Comment

Note: Only a member of this blog may post a comment.