Monday, November 24, 2008

ဟိုတွေးဒီတွေး(၄)

မောင်ထက်ခိုင် သူငယ်ချင်းများကို ယေဘူယျအားဖြင့် လေးမျိုးခွဲထားပါတယ်။ လယ်ဗယ်လေးခုပေါ့နော်။ လယ်ဗယ်အေကတော့ အခင်ဆုံးသူငယ်ချင်းများပေါ့။ ဘီကတော့ ပုံမှန်ခင်တဲ့ သူငယ်ချင်းပေါ့။ စီကတော့ တခါတလေမှ တွေ့တတ်တဲ့ သူငယ်ချင်းပေါ့။ လယ်ဗယ်ဒီကတော့ အေ၊ဘီ၊စီ တို့ရဲ့ သူငယ်ချင်းပေါ့နော်။ တဆင့်ခင်တဲ့ သူငယ်ချင်းကိုပြောတာပါ။ တချို့သူငယ်ချင်းတွေက လယ်ဗယ်အပြောင်းအလဲရှိပါတယ်။ လယ်ဗယ်အေတွေကတော့ အပြောင်းအလဲမရှိပါဘူး။ အထူးသဖြင့် လယ်ဗယ်ဘီနဲ့စီက အပြောင်းအလဲ အများဆုံးပါ။ လယ်ဗယ်ဒီကလည်း သိပ်တော့မထူးပါ။ မေးထူးခေါ်ပြောလောက်သာ။ အခုပြောချင်တာကတော့ စီနှစ်ယောက် အကြောင်းပါ။ အဲဒီအချိန်တုန်းကတော့ ဘီတွေပေါ့နော်။ ထားပါတော့။ ဝမ်းနဲ့တူးလို့ ခေါ်ကြပါစို့။ ဝမ်းက ကောင်လေးပါ။ တူးက ကောင်မလေးပါ။ ကောင်မလေးသူငယ်ချင်းတွေ အများကြီးရှိတဲ့ ကောင်မလေးပါ။ လူချစ်လူခင်လည်း ပေါပါတယ်။ မောင်ထက်ခိုင်လည်း ခင်ပါသည်။ ခင်မှာပေါ့။ သူ့မှာ ကောင်မလေးသူငယ်ချင်းချောချောလေးတွေ ရှိသည်ကိုး။ တိုတိုပဲပြောရရင် တူးသူငယ်ချင်းကောင်မလေးတွေကို မောင်ထက်ခိုင်တို့သူငယ်ချင်းတစ်စု ကြောင်ကြသည်ပေါ့ခင်ဗျာ။ ဝမ်းကတော့တော်တော်ကဲပါတယ်။ ကောင်မလေး တစ်ဖွဲ့လုံးကို ပတ်ကြောင်ပါတယ်။ ဘယ်သူမှလည်း ဝမ်းကို ဟုတ်တိပတ်တိ ပြန်မကြိုက်ပါ။ ဘယ်မှာလာကြိုက်ပါ့မလဲ။ ဟိုကောင်မလေးလိုလို ဒီကောင်မလေးလိုလိုဆိုတော့ ဘယ်ကောင်မလေးမှ မရလိုက်ပါ။ ကောင်မလေးတွေဆိုတာက သူတို့ကို သတ်သတ်မှတ်မှတ်ကြိုက်မှ ပြန်ကြိုက်မှာပါ။ မောင်ထက်ခိုင်ထင်တာပေါ့နော်။ မှားရင်လည်းမှားမှာပေါ့လေ။ ဝမ်းအကြောင်းပြန်ဆက်ရအောင်ပါ။ ဘယ်ကောင်မလေးမှ ပြန်မကြိုက်ပေမယ့် ဝမ်းကတော့ မလျှော့သေးပါ။ တူးကို ပိုးပြန်ပါတယ်။ ဝမ်းက တူးကို စိတ်သဘောထား အလွန်ဖြူစင်သူလေးလို့ တင်စားပါတယ်။ ဝမ်းဘယ်လိုပြောပြော တူးကလည်း အရေးတယူမရှိပါ။ ဝမ်းကတော့ သူ့ကိုယ်သူ အဟုတ်ကြီးထင်နေရှာပါသည်။ ဒီလိုနဲ့ တူးတစ်ယောက် နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ဖြစ်လာပါတယ်။ ဝမ်းတစ်ယောက် ရောဂါတက်ပါတော့တယ်။ တူးကို ခရီးမသွားခင် အမှတ်တရ လက်ဆောင်ပေးချင်ပါသည်တဲ့။ သူ့ဟာသူ ပေးချင်တာ ဘယ်သူမှ မတားပါ။ သူ့အကြံက သူငယ်ချင်းအားလုံးဆီက ပိုက်ဆံစုပြီး ဝယ်ပေးဖို့ပါ။ ဝယ်ပြီးရင် သူပေးသလို ဘာလိုလိုလုပ်ချင်တာပါ။ ဒီလိုနဲ့ သူငယ်ချင်းအားလုံးကို ပိုက်ဆံကောက်ပါတယ်။ အားလုံးရှေ့မှာဆိုတော့ လူတိုင်းက မငြင်းကြပါ။ ကိုယ်မထည့်ရင် ကပ်စေးနဲတယ် အထင်ခံရမည်စိုးတာပေါ့နော်။ အိုင်ပေါ့တစ်လုံးဝယ်ပြီး လက်ဆောင်ပေးပါတယ်။ နှစ်ရာ့ငါးဆယ်တန် ဆိုတော့ သူငယ်ချင်းတစ်ယောက်ကို လေးဆယ်လောက် ထည့်ရပါတယ်။ မောင်ထက်ခိုင်တို့ ကောင်လေးအုပ်စုပဲ ကွက်ပြီး ကောက်တာဆိုတော့ တစ်ယောက်ချင်းအနေနဲ့ များသွားတာပေါ့။ ထားပါတော့။ တကယ်ပေးတဲ့ အချိန်ကျတော့ အားလုံးရှေ့မှာ မပေးဘဲ ဝမ်းတစ်ယောက် သူ့ဟာသူ ကြိတ်ပေးလိုက်ပါတယ်။ သူပေးသလိုလို ဘာလိုလိုနဲ့။ ဒီကိစ္စဖြစ်ခဲ့တာ သုံးနှစ်လောက်ကြာပါပြီ။ မောင်ထက်ခိုင်တွေးမိတိုင်း ရယ်စရာတစ်ခု အဖြစ် သတိရနေဆဲပါ။ မကျေနပ်တာတော့ မဟုတ်ပါဘူး။ ဝမ်းလုပ်သွားပုံလေးက သင်းလို့ပါ။ သူကြီးဘုရား ရွာသားကောင်းမှုပေါ့ခင်ဗျာ။ မောင်ထက်ခိုင် တခြားသူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်းပြုံးမိပါသတဲ့။ ဒီလိုဖြစ်ခဲ့ပြီးတဲ့နောက် မောင်ထက်ခိုင်လည်း မေ့မေ့ပျောက်ပျောက်နေရင်းက တူးတစ်ယောက် အိမ်ခဏပြန်လာပါတယ်။ ဟောလီးဒေးပေါ့။ ဝမ်းကတော့ ပျော်ရွှင်နေပါတယ်။ ဒီတခါလည်း အရင်အတိုင်းပါပဲ။ မပြောင်းလဲပါဘူး။ တူးသူငယ်ချင်းအသစ်ကောင်မလေးတွေကို ဝမ်းကြောင်ပြန်ပါရော။ မရနိုင်တော့ တူးဘက်လှည့်လာပြန်ပါတယ်။ ဒီတခါ တူးပြန်ရင် ဒစ်ဂျစ်တယ်ကင်မရာဝယ်ပြီး လက်ဆောင်ပေးချင်ပြန်ပါသတဲ့။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သော မောင်ထက်ခိုင်တို့ကတော့ သဘောမတူတော့ပါ။ ကိုယ့်ဟာကိုယ်တာဝန်ယူပေတော့။ ဒီနေ့အထိ မောင်ထက်ခိုင်တို့ သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ကြီးဖြစ်ကျန်ခဲ့ပါတယ်။ မောင်ထက်ခိုင်ရဲ့ လယ်ဗယ်ခွဲထားသော သူငယ်ချင်းများ အကြောင်းပါ။ သူငယ်ချင်းအကြောင်းပြောချင်တာက နည်းနည်း။ အတင်းပြောချင်တာက များများ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.