Tuesday, December 30, 2008

နာရီအိုတစ်လုံး

နာရီအိုတစ်လုံး

လှမ်းကြည့်လိုက်တော့အချစ်ရေ
သံယောဇဉ် နှောင်ကြိုး
ရူးမတတ် ရပ်ရက်ပြိုလဲ
မလွမ်းတော့ဘူးရယ်လို့
ပြန်တွေ့ကြရင်
ဘယ်ကစပြောရမှာလဲ။

ရင်နာခြင်းခရီးသည်
ဖျောက်ဖျက်မရ
ကျီစယ်ခြင်းအစ
အမုန်းမီးလောင်
ဗြောင်းဆန်သွားတဲ့ နှလုံးသား
သူ့မျက်နှာတွေ့တုန်းခဏ။

ရာသီအလီလီပြောင်း
ရက်ကိုလစား နေ့နဲ့ညမှား
လက်မှိုင်ချ တွေဝေဆဲ
နှစ်စဉ် နှစ်တိုင်း
မျော်လင့်ချက်ကမ်းခြေမှာ
မင်းခြေရာတွေ ထင်နေဦးလေ။ ။

စနေသီဟ

Wednesday, December 17, 2008

ဟိုတွေးဒီတွေး (၅)

တွေးမိတာလေးပါ။ ရှေးရှေးတုန်းက ဆင်ငါးသိန်း၊ မြင်း ငါးသန်း၊ စစ်သူရဲ ငါးသန်း ဆိုတော့ အရမ်းများနေသလားလို့ပါ။ မြန်မာဘုရင်တွေ စစ်တိုက်ထွက်ရင် ပြောနေကျလေ။ အဲဒီအချိန်တုန်းက အဲဒီလောက် လူတွေ မြင်းတွေ ဆင်တွေ အများကြီး ရှိလို့လား။ ရှေးတုန်းက ရေတွက်ပုံနည်းစနစ်နဲ့ အခုခေတ် ရေတွက်ပုံလေး ကွာနေသလားလို့ပါ။ ရှေးတုန်းက "ခု" နေရာမှာ "ရာ" ကိုသုံးတယ်လို့ ယူဆရပါတယ်။ ဥပမာ လူငါးသိန်းဆိုရင် အခုခေတ် လူငါးထောင်နဲ့ ညီမယ်ထင်တာပဲ။ ငါးထောင် လောက်ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ မြို့ပြနိုင်ငံလေးတွေမှာ ဘယ်လိုလုပ်ပြီး စစ်သူရဲငါးသန်းရှိမှာလဲ။ ပါးပါးလေး တွေးမိတာလေးပါ။ ဘုန်းဘုန်းတစ်ပါးကို မေးကြည့်ပါသေးသည်။ သူကလည်း မောင်ထက်ခိုင်တွေးသလို ဖြစ်နိုင်ပါသည် ဟုမိန့်ပါသည်။ စာပေကျမ်းဂန်ထဲမှာ ပြန်ကြည့်ပေးမယ်လို့လည်းပြောပါသည်။ မောင်ထက်ခိုင်သိချင်တာလေးသိရမယ် ဆိုတော့ ကောင်းပါတယ် ဘုရားပေါ့။ မောင်ထက်ခိုင်တစ်ယောက်ကတော့ စာအုပ်တွေဖတ်ပြီး တွေးတတ်တောတတ်ပါတယ်။ အခုတော့ တွေးလည်းတွေး ရေးလည်းရေးနေပါပြီ။ ဒါကြောင့်လည်း ဟိုတွေးဒီတွေး ဟုခေါ်တာပါ။ အခုတလော မောင်ထက်ခိုင် စာမရေးဖြစ်တာ တော်တော်ကြာနေပါပြီ။ အလုပ်တွေကများ၊ စာမေးပွဲကလည်းရှိ။ အမျိုးအမည်ဖော်လို့ မရသော ကိစ္စလေးတွေနဲ့ အလုပ်ရှုပ်နေလို့ပါ။ ခရီးကလည်းထွက်ဦးမည်။ ဆိုတော့ကာ ဘလော့ကို လှည့်တောင် မကြည့်အားပါ။ ရာသီဥတုကလည်း အေးချက်ရက်စက်ပါသည်။ မောင်ထက်ခိုင်တစ်ယောက် ဒီဆောင်းတွင်းကို ရှင်သန်နိုင်ပါ့မလားတောင် သံသယဖြစ်မိပါတယ်။ ဆန်ဖရန်က ရာသီဥတုကတော့ ဒီလောက်မအေးဘူးလို့ ယူဆရပါသည်။ ဆန်ဖရန်မြို့မှာ ရေအေးစီးကြောင်းကြီး ဦးတိုက်ပြီး စီးနေပါသည်။ လေအေးတွေကို သယ်လာပါသည်။ တစ်နှစ်ပတ်လည်လုံး အေးပါသည်။ ဒါပေသိ သူအေးပုံလေးက တစ်မျိုးလေးပါ။ စိုစိုလေးအေးပါသည်။ ဒီမှာလို ခြောက်ခြောက်ကြီး အေးစက်မနေပါ။ ဆန်ဖရန်မှာ နေလို့ကောင်းရုံ အေးတာပါ။ အနွေးထည်တစ်ထည်တော့ ယူသွားရပါမည်။ ဓါတ်ပုံရိုက်ဖို့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးလဲ ယူသွားရပါမယ်။ လက်တော့ကတော့ မပါမဖြစ်ပါ။ ဒစ်ဂျစ်တယ်ဗီဒီယိုကင်မရာလည်း မေ့လို့မဖြစ်ပါ။ လောလောလတ်လတ် မွေးနေ့လက်ဆောင်ရထားတာဆိုတော့ လက်တည့်စမ်းကြည့်ရပါဦးမည်။ ဂျီပီအက်စ်လည်းလိုလိုမယ်မယ်ယူသွားလိုက်ပါမယ်လေ။ ရှပ်အင်းကျီကတော့ ၃ထည်လောက်ဆိုရင် ရလောက်ပါသည်။ ပိုလိုက ၂ထည်ယူသွားမှဖြစ်ပါမယ်။ ဘောင်းဘီကတော့ ဂျင်းတစ်ထည်၊ ဒရက်စ်ပန့်စ် ၂ထည်ဆိုရင် လုံလောက်ပါပြီ။ ဒါဆိုရင် မောင်ထက်ခိုင် ဘာတွေယူသွားမည်ဆိုတာ ပရိတ်သတ်ကြီး ခန့်မှန်းလို့ရလောက်ပါပြီ။ မောင်ထက်ခိုင် ပေါ့ပေါ့ပါးပါးပဲ သွားမှာပါ။ လက်တော့ကျောပိုးအိတ်တစ်လုံးနဲ့ ကယ်ရီးအွန်ပိုင်းလော့သေတ္တာတစ်လုံးပဲ ပါမှာပါ။ ပရိတ်သတ်ကြီးက ၅ရက်တည်းသွားမှာ ဘယ်လောက်တောင်သယ်ချင်လို့လဲ မေးစရာရှိပါတယ်။ ဟုတ်ကဲ့။ အများကြီးမသယ်တော့ပါ။ လိုအပ်ရင် ဆန်ဖရန်မှာ ဝယ်ဝတ်လို့ရပါတယ်။ မောင်ထက်ခိုင်ရဲ့ သူငယ်ချင်းအတွက် လက်ဆောင် ယူသွားရပါဦးမည်။ သူက ဘောလုံးကစားတာ ဝါသနာပါပါတယ်။ သူ့အတွက် ဘောလုံးဂျာစီနဲ့ ဘောင်းဘီ ဝမ်းဆက်လက်ဆောင်ပေးပါမည်။ ကြုံလို့ပြောရပါဦးမယ်။ မောင်ထက်ခိုင် ရန်ကုန်ပြန်လည်တုန်းက ဘောလုံးဂျာစီဝမ်းဆက် ၅စုံ ဝယ်လာပါသည်။ အင်္ဂလန်၊ အီတလီ၊ မန်ယူ၊ အာစီနယ်၊ ချယ်ဆီး တို့ပါပဲ။ ဘားလမ်းထဲက ဝင်းနား အားကစားပစ္စည်းဆိုင်က ဝယ်လာတာပါ။ ဝင်းနားနဲ့ မျက်နှာချင်းဆိုင်မှာက စီဒီဝေါလ် ရှိပါတယ်။ ကွန်ပြူတာ ဆော့ဝဲ တော်တော်စုံစုံရှိပါတယ်။ ကြော်ငြာဝင်သလိုတောင် ဖြစ်နေပြီ။ မောင်ထက်ခိုင်နဲ့ အဲဒီဆိုင်တွေနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိပါ။ တော်ကြာ အလကား ကြော်ငြာပေးပါတယ် ဖြစ်နေပါဦးမယ်။ အခုတော့ ဒီလောက်ပဲ တွေးမိပါသေးတယ်။ ဆန်ဖရန်က ပြန်လာရင်တော့ ရေးစရာကုန်ကြမ်းတွေ ရလာပါလိမ့်မယ်။ အဲဒီတော့လည်း ပရိတ်သတ်ကြီး များများဖတ်ရတာပေါ့လေ။ ဆန်ဖရန်မှာရှိနေတုန်းတော့ ဘလော့ရေးဖြစ်မယ် မထင်ပါ။ သွားစရာ လာစရာ လည်စရာ ပတ်စရာ တွေက များသကိုး။ ကြောင်နှစ်ကောင်ခေါက်ဆွဲဆိုင်မှာလည်း သွားစားရပါဦးမယ်။ ရယ်စရာပြောရပါဦးမယ်။ မောင်ထက်ခိုင်ရဲ့ ကြီးတော်တစ်ယောက်က မောင်ထက်ခိုင် ဆန်ဖရန်သွားတိုင်း ကြောင်နှစ်ကောင်ခေါက်ဆွဲမှာတတ်ပါတယ်။ မောင်ထက်ခိုင်ခမျာလည်း ကြောင်နှစ်ကောင်ခေါက်ဆွဲဘက်ကို မလှည့်နိုင်ပါ။ ကိုယ့်ဟာကိုယ် ဟိုသွားဒီသွား ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ပြန်သာလာခဲ့ရပါတယ်။ ကြောင်နှစ်ကောင်ခေါက်ဆွဲဆိုင် ဘယ်နားရှိမှန်းတောင်မသိပါခင်ဗျာ။ တစ်ခါသားမှာတော့ စုံစမ်းကြည့်မိပါတယ်။ ကြောင်နှစ်ကောင်ခေါက်ဆွဲက ဆိုင်မှာထိုင်စားလို့ မရပါတဲ့။ ပါဆယ်ကြိုမှာထားမှ ဝယ်လို့ရပါသည်တဲ့။ မောင်ထက်ခိုင်ရဲ့ ကြီးတော်ကို ပြန်ပြောပြတော့ မယုံပါ။ မောင်ထက်ခိုင် မဝယ်ချင်လို့ ဟုထင်နေပါသည်။ မဟုတ်ရပါ ကြီးတော်ခင်ဗျား။ သူတို့ကိုက မရောင်းချင်တာပါ။ မရောင်းချင်သူတွေကို ရိုက်ပြီး ရောင်းခိုင်းလို့ မရပါ။ ငိုပြလို့လည်း ရမည်မထင်ပါ။ မောင်ထက်ခိုင်ရဲ့ အတွေးတွေကို အချိန်ပေးပြီး ဖတ်ပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Tuesday, December 9, 2008

ရည်ရွယ်သူသို့

ရည်ရွယ်သူသို့

သိစေအပ်ပါသည်
ကျနော်မျိုး အကြိမ်ကြိမ်ကြိုးစား
အခါခါ မြတ်နိုး
အမျိုးမျိုး ပြုပြင်
အထပ်ထပ် စေလွှတ်
အကြောင်းကြောင်း ရေးစပ်
မှတ်မိစေရန်
ကြံဖန်ပါသော်လည်း
ဖူးစာရယ်မပါ
ရှေးရေစက် မဆုံဆည်း
တူနှစ်ကိုယ်နီးဖို့အရေး
အတွေးအကြံ မမှန်ကန်လို့
ဒီဘဝ ဒီနေရာမှာ
လမ်းခွဲလိုက်ပါသည်။
နှမ လက်လျှော့နေလေတော့။

စနေသီဟ

Friday, December 5, 2008

အွန်လိုင်းမှ လေယာဉ်ပျံလက်မှတ်ဝယ်ယူခြင်း

အွန်လိုင်းမှ လေယာဉ်ပျံလက်မှတ်ဝယ်ယူခြင်း

မောင်ထက်ခိုင် ခရီးထွက်ပါအုန်းမည်။ ဒီအချိန်ဒီအခါမှာ ခရီးထွက်လို့ အကောင်းဆုံးပါ။ ဓါတ်ဆီဈေးကလည်း ကျ။ လေယာဉ်ပျံလက်မှတ်တွေလည်း ဈေးကျ။ မောင်ထက်ခိုင်ဘယ်သွားမယ်ဆိုတာကိုတော့ လုံခြုံရေးအရ မပြောတော့ပါ။ နောက်တာပါ။ ပရိတ်သတ်ကြီးသိပြီးဖြစ်တဲ့အတိုင်း ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ကို သွားမှာပါ။ လိုက်ချင်ရင် အချိန်မီပါသေးတယ်။ မောင်ထက်ခိုင် ဒီနေ့မှ လေယာဉ်ပျံလက်မှတ်ဝယ်တာပါ။ ဘယ်တော့သွားမှာလဲ။ ခရစ်စမတ်ဟောလီးဒေးပါ။ ခရီးစဉ်တစ်ခုလုံး ခြောက်ရက်လောက်ပဲကြာမှာပါ။ အကြောင်းထူးတော့မရှိပါ။ စိတ်ပြေလက်ပျောက် ခရီးထွက်တာပါ။ နေ့တိုင်းနေ့တိုင်း ပုံမှန်အလုပ်တွေနဲ့ မွန်းကျပ်နေလို့ပါ။ အလုပ်တွေများတဲ့ကြားက အားရက်ကလေးရတုန်း အပြေးအလွှား ခရီးထွက်ရတာပါ။ ဟုတ်ပါတယ်။ မောင်ထက်ခိုင် အလွန်အလုပ်များပါတယ်။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်းပါပဲ။ ရုံးလေးပြေးတက်လိုက်၊။ ကျောင်းလေးပြေးတက်လိုက်။ အလုပ်ကလေးလုပ်လိုက်။ စာလေးကျက်လိုက်။ စာကျက်တယ်ဆိုလို့ ပြောရပါအုန်းမယ်။ မာစတာတန်းများသည် စာကျက်ချိန် အလွန်ယူပါသည်။ အားနေရင် စာလေးကျက်နေမှ တော်ခါကျပါသည်။ မောင်ထက်ခိုင်ကလည်း အားတဲ့အချိန်လေးမှာ ဂိမ်းလေးကစားနေချင်ပါသည်။ မောင်ထက်ခိုင် ဂိမ်းကစားရတာ ကြိုက်ပါတယ်။ လူတစ်ကိုယ် ဝါသနာတစ်မျိုးပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ညလုံးပေါက်ကစားခဲ့ဖူးပါတယ်။ အခုများတော့ အိပ်ရေးပျက်မခံနိုင်တော့ပါ။ လေယာဉ်ပျံလက်မှတ်ဝယ်တဲ့ အကြောင်းဆက်ပါအုန်းမည်။ ပထမတော့ မောင်ထက်ခိုင် ပရိုက်စ်လိုင်းဒေါ့ကွန်ကို သွားကြည့်ပါတယ်။ ထွက်ချင်တဲ့အဲပို့ရယ် သွားချင်တဲ့အဲပို့ရယ် သွားချင်တဲ့ရက်ရယ် ပြန်ချင်တဲ့ရက်ရယ် အရင်ရွေးရပါတယ်။ အချိန်လည်း ထည့်လို့ရပါတယ်။ တချို့က မနက်သွားချင်ပြီး တချို့က ညနေသွားချင်တတ်ကြပါတယ်။ မောင်ထက်ခိုင်ကတော့ ရုံးဆင်းမှ သွားမယ်ပေါ့နော်။ ညနေကို ရွေးလိုက်ပါတယ်။ ဒီမှာက အဲပို့တွေက အများသားလား။ အဲပို့ကုဒ်လည်း ရှာထည့်ရပါသေးတယ်။ အဲပို့ကုဒ်မသိရင်တော့ မြို့နံမယ်ထည့်လည်း ရတော့ရပါတယ်။ ဒါပေမယ့် မြို့အကြီးကြီးမှာ အဲပို့နှစ်ခု သုံးခုရှိနေရင်တော့ ခက်ပါပြီ။ မောင်ထက်ခိုင်ကို လာကြိုမယ့် သူငယ်ချင်းက သူနဲ့နီးတဲ့ အဲပို့ကို ပြောပြထားလို့ မောင်ထက်ခိုင်အတွက် အခက်အခဲမရှိပါ။ တကယ်တော့ အဲပို့ကုဒ်ရှာရတာလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး။ မြို့နံမယ်ထည့်လိုက်ရင် အဲဒီမြို့က အဲပို့ကုဒ်တွေ ထွက်လာပါလိမ့်မယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် အဲပို့ကုဒ်ထည့်လိုက်ရုံပါပဲ။ လိုအပ်တဲ့ အချက်အလက်တွေ ထည့်ပြီးတော့ ရှာတဲ့ခလုတ်ကို နှိပ်လိုက်ပါတယ်။ မိနစ်ဝက်လောက်စောင့်လိုက်ရင် ပေါ်လာပါပြီ။ အချိန်ဇယားနဲ့ ဈေးနှုန်းဇယားပါ။ အသက်သာဆုံးဈေးက အပေါ်ဆုံးမှာပါ။ ဒါပေမယ့် မောင်ထက်ခိုင်သွားချင်တဲ့ အချိန်တော့မဟုတ်ပါဘူး။ ထားပါတော့။ သွားချင်တဲ့အချိန်ရဲ့ ဈေးကိုကြည့်လိုက်တော့ ဒေါ်လာတစ်ရာလောက်ကွာနေပါတယ်။ တိတိကျကျပြောရရင် တစ်ရာသုံးဆယ့်ကိုးဒေါ်လာ ကွာပါတယ်။ မဖြစ်သေးပါ။ တနေ့တည်းမှာ မနက်ဈေးတစ်မျိုးနဲ့ ညနေဈေးတစ်မျိုး ဖြစ်နေပါတယ်။ မနက်ပိုင်း သွားရင်ပိုပြီး ဈေးသက်သာပါတယ်။ အေးလေ။ မောင်ထက်ခိုင်က အချိန်ဇယားဆွဲတဲ့သူမှ မဟုတ်တာ။ ဈေးသတ်မှတ်သူလည်း မဟုတ်ပါ။ ဒီတော့ သူတို့ သတ်မှတ်တဲ့ဈေးပဲပေါ့။ ဒီလိုနဲ့ အသက်သာဆုံးလက်မှတ်ကိုပဲ ဝယ်ဖြစ်သွားပါတယ်။ ဝယ်မယ်လုပ်တော့ အဲလိုင်းဝက်ဆိုက်ကို သွားကြည့်မိလိုက်ပါတယ်။ အဲလိုင်းဝက်ဆိုက်က ဝယ်ရင် ခုံရွေးလို့ရပါတယ်။ ပရိုက်စ်လိုင်းဒေါ့ကွန်က ဝယ်ရင်တော့ ခုံရွေးလို့မရပါဘူး။ လေယာဉ်ပေါ်မှာ ထိုင်ခုံရွေးရရင် မောင်ထက်ခိုင် လူသွားလမ်းဘေးကထိုင်ခုံကို ရွေးပါတယ်။ ပြူတင်းပေါက်ကို ဘယ်တော့မှမရွေးပါ။ ထွက်ရတာခက်လို့ပါ။ ပြူတင်းပေါက်ကို ရွေးတော့ရော ဘာထူးမှာလဲ။ တိမ်တွေကို တချိန်လုံးထိုင်ကြည့်နေမှာမှ မဟုတ်တာ။ မောင်ထက်ခိုင်တို့ကတော့ ပျံသန်းချိန်တလျှောက်လုံး အိပ်မှာပါခင်ဗျာ။ မအိပ်ရင်လည်း မောင်ထက်ခိုင် စာအုပ်တစ်အုပ်ဖတ်မှာပါ။ စာမဖတ်ရင်လည်း အိုင်ဖုန်းနဲ့ သီချင်းနားထောင်မှာပါ။ သီချင်းနားမထောင်လည်း လပ်တော့နဲ့ ဒီဗီဒီ ကြည့်မှာပါ။ ဟဲဟဲ။ ကြွားစရာလည်း မကျန်တော့ပါ။ ကုန်သလောက်ရှိသွားပါပြီ။ ဒါတောင် အိုင်ဖုန်းမဝယ်ခင်က ဝယ်ထားသော အိုင်ပေါ့အကြောင်းမပြောရသေးပါ။ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းကနေ လေယာဉ်ပျံလက်မှတ်ဝယ်တာ မထူးဆန်းပါဘူး။ အင်တာနက်ပေါ်မှာ အားလုံးဝယ်လို့ရပါတယ်။ မောင်ထက်ခိုင်ဝယ်တော့မှ အထူအဆန်းလုပ်ပြီး လျှောက်ရေးနေတာပါ။ အရင်တုန်းကလည်း ဝယ်ဖူးပါတယ်။ ဘလော့မရေးသေးတော့ ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါ။ အခုတော့ ပရိတ်သတ်ကြီးအားကိုးနဲ့ ရေးချလိုက်ပါပြီ။ သည်းခံပြီး ဖတ်ကြပါကုန်။