Friday, September 30, 2011

ရည်းစားဟောင်းကို နှုတ်ဆက်သင့်သလား

ရည်းစားဟောင်းကို နှုတ်ဆက်သင့်သလား

မောင်ထက်ခိုင် ကြုံဖူးတာလေးကို ရေးပြချင်ပါတယ်။ ကြာခဲ့ပါပြီ။ အတိအကျပြောရရင် နှစ်ပေါင်းခုနှစ်နှစ်။ သူမနဲ့ မောင်ထက်ခိုင် ဇာတ်လမ်းလေး ရှိခဲ့ကြပါသည်။ ဇာတ်လမ်းလေး အဆင့် မဟုတ်ပါ။ ဇာတ်လမ်းကြီး အဆင့်လောက် ရှိသည်ပေါ့။ ပြန်ပြောရမှာလည်း ရှက်ပါသည်။ ဒါပေမယ့် ပြောကလည်း ပြောချင်ဆိုတော့ ရှက်ရှက်နဲ့ ပြောပါဦးမည်။

ဇာတ်လမ်းလေးကိုတော့ ထားလိုက်ပါတော့။ ပြောချင်သည့် အကြောင်းအရာက သူမနဲ့ ဇာတ်လမ်းပြတ်ပြီး ပြန်တွေ့ပုံလေးပါ။ တွေ့တဲ့ နေရာကလည်း ကြည့်ပါဦး။ ဖန်းဖဲ လို့ ခေါ်တဲ့ ပျော်ရွှင်ဖွယ်ဈေးရောင်းပွဲလေးမှာပါ။ မြန်မာ စားစရာတွေ စုံတော့ လူလည်း စုံသည်ပေါ့။ လူတွေ စုံတော့ မောင်ထက်ခိုင်နဲ့ သူမလည်း ဆုံမိပြီပေါ့။ ပွဲခင်းထဲမှာ ပက်ပင်းကို တိုးပါလေရော။

သူမက မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာ လွှဲသွားပါတယ်။ မောင်ထက်ခိုင် မြင်ပါသည်။ ရုတ်တရက် ဝမ်းသာသွား၏။ ဒါပေမယ့် ဟန်ဆောင်ထိန်းရင်း မခေါ်မိအောင် မျက်နှာ လွှဲလိုက်ပါသည်။ စိတ်ထဲမှာတော့ တစ်မျိုးတစ်မြည် စိတ်မကောင်းဖြစ်ရပါတယ်။ ဘာကြောင့် မျက်နှာလွှဲသွားရတာလဲ။ လူရှေ့သူရှေ့မို့လို့ ဟန်ဆောင်နေတာလား။ မောင်ထက်ခိုင်ကလည်း ရုပ်ပျက်ဆင်းပျက် မလုပ်တတ်ပါ။ အသာလေး ငြိမ်ပြီး လှည့်ထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ စားစရာတွေ ဝယ်ပြီး ထိုင်စားတဲ့ နေရာမှာ သူမကို ထပ်တွေ့ပါတယ်။ စားပွဲတစ်ခုမှာ သူမတစ်ယောက်တည်း ထိုင်နေပါတယ်။ ဒီတစ်ခါတော့ မောင်ထက်ခိုင် ဘယ်လိုမှ ဟန်ဆောင်လို့ မရတော့ပါ။ နှုတ်ဆက်ဖြစ်အောင်နှုတ်ဆက်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ သူမ ထိုင်နေတဲ့ စားပွဲနားကို သွားပါတယ်။ သူမက မော့ကြည့်လိုက်တော့ မောင်ထက်ခိုင်လည်း အရင်အတိုင်းပဲ ကို ထိုင်မယ်နော်လို့ ပြောလိုက်ပါတယ်။ သူမက ခေါင်းဆတ်ပြလို့ မောင်ထက်ခိုင်လည်း ဝင်ထိုင်လိုက်ပါတယ်။ နေကောင်းလား။ အဆင်ပြေလား။ နှစ်ခွန်းပဲ မေးရပါသေးတယ်။ သူမက မတ်တပ်ထရပ်လိုက်ပါတယ်။ မောင်ထက်ခိုင်လည်း ကြောင်အမ်းအမ်းနဲ့ လိုက်ကြည့်ပြီး မေးလိုက်ပါတယ်။ ဘယ်သွားမလို့လဲ။ သူမက ဒီစားပွဲမှာ ထိုင်ချင်တယ် ဆိုလို့ ထပေးတာပါလို့ ဖြေပြီး ထွက်သွားပါတော့တယ်။ ကြည့်ပါဦး။ လူလည်ခေါင်မှာ မောင်ထက်ခိုင်ရဲ့ ဖြစ်ပုံ။ လူတွေကလည်း ဝိုင်းကြည့်လို့။ မောင်ထက်ခိုင်နဲ့ သူမ အကြောင်းကို လူတွေအားလုံးက သိထားကြတော့ နောက်ကွယ်မှာ ဟားစရာကြီး ဖြစ်သွားပါပြီ။ ဒီတစ်ကွက်တော့ မောင်ထက်ခိုင် ကောင်းကောင်းကြီး ခံလိုက်ရပါပြီ။

နောက်များတော့ ဒိုးဆလံ တင်းဆလံပါပဲ။ ရည်းစားဟောင်းတွေကို ဝေးဝေးကရှောင် ဝေါင်ဝေါင်ကရှေးပါတယ်။ နှုတ်လည်း မဆက်ချင်တော့ပါ။ ရှေးဟောင်းနှောင်းဖြစ်တွေလည်း မပြောချင်တော့ပါ။ ဘာမှအကျိုးမထူးမယ့်အတူတူ လုပ်မနေတော့ပါဘူး။ အတိတ်ဟောင်းမှာပဲ ထားခဲ့လိုက်တော့မယ် ရည်းစားဟောင်းတို့ရေ။

ဒီလိုဆိုတော့ ပြီးရောလား။ ဒီလိုလည်း မဟုတ်သေးပါ။ သူမက အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းဆက်လာပါတယ်။ ငိုကြီးချက်မနဲ့။ မောင်ထက်ခိုင်ကို အပြစ်တင်ပါတယ်။ ဘာလို့ လာနှုတ်ဆက်ရတာလဲပေါ့။ လူလည်ခေါင်မှာ ဘယ်လောက်စိတ်ထိန်းခဲ့ရလဲ သိရဲ့လား။ ကို နဲ့ တွေ့ပြီး အိမ်သာထဲ သွားငိုရတာကော သိရဲ့လား။ ဒီအချိန်ထိ လိုက်နှောင့်ရှက်နေတုန်းပဲလား။ တော်လောက်ပါပြီလို့လည်း တောင်းပန်ပါလေရော။ မောင်ထက်ခိုင်လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ရည်းစားဟောင်းသူမကို ချော့ရပြန်ပြီပေါ့။

နိဂုံးချုပ်ရရင်တော့ ရည်းစားဟောင်းကို လူလည်ခေါင်မှာ နှုတ်မဆက်မိပါစေနဲ့ ပိတ်သတ်ကြီးရယ်။ တိုးတိုးတိတ်တိတ် နောက်မှ ဖုန်းလေး ဆက်ပြီး သတင်းမေးပါ။ ဖုန်းနံပါတ်မသိရင်တော့လည်း မတတ်နိုင်ပါ။ လူလည်ခေါင် အရှက်ကွဲမယ့် အဖြစ်ကတော့ လွတ်ကင်းပါလိမ့်မယ်။ မောင်ထက်ခိုင်လို အဖြစ်မျိုး ပိတ်သတ်ကြီးလည်း မကြုံပါစေနဲ့။ မောင်ထက်ခိုင်လည်း ရည်းစားဟောင်း ထပ်မရပါစေနဲ့တော့။

ချစ်သူတိုင်း ညားကြပါစေ။

ဟိုးအဝေး
စက်တင်ဘာ ၃၀ ၂၀၁၁

Saturday, September 3, 2011

အနီရင့်ရင့် အစိမ်းခါးခါး

အနီရင့်ရင့် အစိမ်းခါးခါး


မချစ် မမုန်း မဆုံးပင်လယ် ဘယ်ဆီ ဘယ်ဝယ် မျော်ခါတမ်းတ မှန်းဆလို့ ကွဲ။
ချစ်ချင်လည်း မင်း မုန်းချင်လည်း မင်း။ အရာရာ မင်းပါ မေ။
အသည်းနှလုံးတွေ ကြေပြုန်းပြုတ်ကျ မြေခသွားပေမယ့် ရင်ဘတ်ကြီးက မင်းကို နေရာ ပေးထားဆဲပါ။
ခံနိုင်သူ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မယ်။ လုပ်ရက်သူ မင်းကိုတော့ အစွမ်းကုန် ကြည်ဖြူပါ၏။
ပြုံးသူပြုံး ရယ်သူရယ် ရှုံးသူရှုံး ဝယ်သူဝယ် နှလုံးသား ဈေးကွက်မှာ တံခါးဖွင့်စီးပွါးရေးစနစ် ကျင့်သုံးတာ ကိုယ်ပါ အချစ်ရယ်။
မင်းသနားလည်း အလကားပါပဲ။ မခံနိုင်တော့တဲ့ တစ်နေ့ နှလုံးသားကို မြေမြုပ် ဂူသွင်းလိုက်မယ်။ နှလုံးသွေး တစ်စက်စက်နဲ့။
ရဲရင့်ခြင်းပေါ့ဗျာ။ နှလုံးသွေးနဲ့ စက်ပြီး ရေးရတော့လည်း ရဲရဲနီရပြီပေါ့။
အစိမ်းခါးခါးတွေ အလှည့်ကျတဲ့ ညကျရင်တော့ အစိမ်းရောင်တွေ ရင်ဘတ်ထဲ စီးမြောနေတာ မြင်ရမှာပါ။
ရောင်းရန်ရှိသည် လို့ ဆိုင်းဘုတ်ချိတ်လိုက်မယ်။ သတိတော့ ထားပါ။ ပြုတ်ကျ ပျက်စီးသွားရင် တန်ဖိုးအတိုင်း ပေးလျော်ရမည်။
မစိုးရိမ်ပါနဲ့။ ရေစိုလည်း မပျက်စီးပါဘူး။ ကြိုက်သလိုလုပ်ပါ။ မုန်းတော့ မမုန်းနဲ့။ သေသွားလိမ့်မယ် သခင်ရယ်။
မင်း ခွဲယူသွားလို့ အခုတော့ ငါမှာ ဆယ်ပြားလိုနေပြီ။ ကျပ်မပြည့်တဲ့ နှလုံးသားကို ချိန်ခွင်ပေါ် တင်ကြည့်တော့ အချိန်စီးသမှ ဇောက်ထိုးကို ဖြစ်ရော။
မဆပ်နဲ့တော့။ မဆပ်နဲ့တော့။ ကဗျာလဆန်းတစ်ရက်ကို ယုံလို့ ပုံလိုက်တာ အချစ်အကြွေးတစ်ပုံတစ်ပင်နဲ့။ ပြန်လာမယ့်ရက်ကို လက်ချိုးရေနေပါတယ်။
မှတ်တိုင်မှာ ထိုင်စောင့်နေပေမယ့် မရပ်ဘဲ ဆက်သွားတဲ့ ဘတ်စကားလို မင်းက အခုတော့ ဘိုင်ပတ်စ သွားပြီပေါ့။ တာ့တာပါ မိန်းကလေး။ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့။



ဟိုးအဝေး
စက်တင်ဘာ ၃ရက် ၂၀၁၁