Friday, December 4, 2009

သူများပြောတိုင်းယုံတတ်တဲ့ မောင်ထက်ခိုင်

သူများပြောတိုင်းယုံတတ်တဲ့ မောင်ထက်ခိုင်

မောင်ထက်ခိုင် ငယ်ငယ်တုန်းက အဖြစ်အပျက်လေးပါ။ သူများပြောတိုင်းယုံပြီး လိမ်တိုင်းကျတတ်တဲ့ မောင်ထက်ခိုင် အကြောင်းလေးပါ။ မောင်ထက်ခိုင် အထက်တန်းကျောင်းသားဘဝတုန်းက မအူမလည်နဲ့ ခံလိုက်ရပုံလေးကို ပြောပြချင်ပါတယ်။ တစ်နေ့မှာ မောင်ထက်ခိုင် အတန်းထဲက ကျောင်းသားတစ်ယောက်က ကင်မရာအပျက်တစ်လုံး ယူလာပါတယ်။ ပျက်တာကတော့ တစ်စစီ ဖြစ်နေတာပါ။ ရိုးရိုး ပျက်တာကို ကင်မရာပြင်ဆိုင် မပို့ဘဲ သူ့ဟာသူ ဖွင့်ကြည့်ပါတယ်။ ပြီးတော့ ပြန်မတပ်တတ်တော့ဘဲ ပြန်ရောင်းဖို့ ကြိုးစားပါတယ်။ ပထမတော့ သူ့သူငယ်ချင်းတွေကို အလကား ပေးပါတယ်။ တစ်စစီ ဖြစ်နေတဲ့ ကင်မရာကို ဘယ်သူကမှ အလုပ်ရှုပ်ခံပြီး မယူပါ။ အဲဒီအချိန်မှာ လူစွမ်းကောင်းကြီး မောင်ထက်ခိုင် ပေါ်လာပါတယ်။ သူ့သူငယ်ချင်းတွေထဲက တစ်ယောက်က အာရွှီးကောင်းပါတယ်။ အဲဒီကောင်လေးကပဲ မောင်ထက်ခိုင်ကို ကင်မရာအစုတ်တစ်လုံး ဝယ်ဖြစ်အောင် သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။ ကင်မရာအစုတ်ကို မောင်ထက်ခိုင် ဘာကြောင့်ဝယ်ခဲ့ပါသလဲ။ အခုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ မောင်ထက်ခိုင်တစ်ယောက် ငယ်ငယ်ကတည်းက သူများပြောတိုင်း ယုံတတ်ကြောင်း ထင်ရှားနေပါတယ်။ သူများက ကျလောက်အောင် ပြောရင် မစဉ်းစား မဆင်ခြင်ဘဲ မျက်စိမှိတ် ယုံလိုက်တာပါပဲ။ မောင်ထက်ခိုင်ဟာ ခံစားမှုကို ရှေ့တန်းတင်တတ်ပါတယ်။ အသိဉာဏ်သုံးပြီး စဉ်းစားရမယ့်အစား ခံစားချက်ကို လုံးလုံးကြီး တုံ့ပြန်တတ်ပါတယ်။ လူတစ်ယောက်ကို ခင်မိရင် အဲဒီလူ ပြောတိုင်း မျက်စိမှိတ်ပြီး ယုံတတ်ပါတယ်။ မောင်ထက်ခိုင် သဘောလွယ်လို့ ချောက်ကျရပေါင်းလည်း များပါပြီ။ သို့ပေမယ့်လည်း အခုတော့ နည်းနည်းတော်သေးသည်။ မောင်ထက်ခိုင်ကို ချစ်သော၊ မောင်ထက်ခိုင် ယုံကြည်ရသော၊ မောင်ထက်ခိုင် အကျိုးကို လိုလားသောသူများက မောင်ထက်ခိုင်ကို တည့်မတ်ပေးပါသည်။ ကူညီပေးပါသည်။ ကာကွယ်ပေးပါသည်။ မောင်ထက်ခိုင်ကိုယ်တိုင်ကလည်း မှားမှန်းသိပြီး ပြုပြင်ရန် ဝန်မလေးပါ။ ထို့ကြောင့် မောင်ထက်ခိုင် အရင်ကထက် နည်းနည်းလေး တော်သေးသည်ပေါ့။ လူတိုင်းကို မယုံတော့ပါ။ ယုံကြည်သင့်သူကို ယုံကြည်၍ မယုံကြည်သင့်သူများကို ဖယ်ရှားပစ်လိုက်ပါပြီ။

ဟိုးအဝေး

Wednesday, November 4, 2009

ရယ်စရာ အဖြစ်အပျက်လေးတစ်ခု

ရယ်စရာ အဖြစ်အပျက်လေးတစ်ခု

မောင်ထက်ခိုင် ပြီးခဲ့တဲ့ သုံးပတ်မြောက် စနေနေ့က မောလ် သွားပါသည်။ မောလ် သွားတာများ ဘာဆန်းတာလိုက်လို့။ ပိတ်သတ်ကြီးကတော့ ထင်မှာပါ။ မဆန်းပါခင်ဗျာ။ ဒါပေသိ ပါကင်လော့ထဲက အဖြစ်အပျက်ကတော့ အတော် ဆန်းပါသည်။ ဆန်းသည် ဆိုတာထက် ရယ်စရာ ကောင်းသည် ဆိုပါက ပိုမှန်ပါမည်။ မောင်ထက်ခိုင်နဲ့ သူမတို့ မောလ်ကို ရောက်သွားတော့ နေ့လည် ၁၂ နာရီလောက် ရှိပါပြီ။ လူတွေ စည်ကားနေပါပြီ။ အဲဒီနေ့က ဒီပါတ်မင့် စတိုးကြီးတစ်ခုက အကြီးအကျယ် ဆေးလ် ချနေတဲ့အချိန်ပါ။ လူတွေ ကားတွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။ မောင်ထက်ခိုင် ဝင်လိုက်တဲ့ ကားပါကင်ဂါရပ်ခ်ျကြီးကလည်း ကားအပြည့်ပါပဲ။ မောင်ထက်ခိုင် ကားရပ်စရာနေရာကို တစ်ပတ် နှစ်ပတ် သုံးပတ်လောက် ပတ်ရှာပါတယ်။ မတွေ့ပါ။ ကားတွေ အပြည့်နဲ့ ကားပါကင်ဂါရပ်ခ်ျကြီးထဲ တဝဲလည်လည်ပေါ့။ ထွက်သွားတဲ့ ကားနေရာတွေမှာလည်း ဝင်ချင်တဲ့ ကားတွေက အရံသင့်ပါပဲ။ တစ်နေရာ လွတ်တာနဲ့ ကားငါးစီးလောက်က ဝိုင်းလုနေပါတယ်။

မောင်ထက်ခိုင် ဘာလုပ်မလဲ။ သူများတွေနဲ့တော့ ဝင်မလုပါ။ ဒီနေရာမှာ ထုံးစံလေးတစ်ခုကို ရှင်းပြချင်ပါတယ်။ ကားရပ်တဲ့နေရာတစ်နေရာ လိုချင်ရင် ပြန်မယ့်လူနောက်က ကပ်လိုက်ရပါတယ်။ ဒီလူကို ဘယ်နေရာမှာရပ်ထားလဲ မေးရင်းနဲ့ ကပ်ပေါင်းရပါတယ်။ သူက ရပ်ထားတဲ့နေရာကို ပြောရင် သူ့နောက်က လိုက်ခဲ့မယ် ဆိုတာကို ပြောရပါတယ်။ နားလည်မှုရပါပြီ။ သူ့နောက်က လိုက်သွားပြီး သူ့ကား ရပ်ထားတဲ့နေရာကို ရောက်ရင် သူ့ကားကို ထုတ်ပြီး ကိုယ့်ကားကို ရပ်ရပါတယ်။ ဒီဟာက လူတိုင်းလက်ခံထားတဲ့ ကားပါကင် နားလည်မှုပါ။

မောင်ထက်ခိုင်လည်း ထုံးစံအတိုင်း ပြန်မယ့်လူတစ်ယောက် နောက်က ကပ်လိုက်ခဲ့ပါတယ်။ သူနဲ့လည်း နားလည်မှုယူထားပြီးပါပြီ။ သူ့ကားရပ်ထားတဲ့ နေရာလည်း ရောက်ရော မောင်ထက်ခိုင်နဲ့ မျက်နှာချင်းဆိုင်က ကားတစ်စီး ဝင်ရောက်လာပါတယ်။ အဖွားကြီးတစ်ယောက် မောင်းတာပါ။ အဖွားကြီးက ဟိုလူ့ကား ထွက်မယ့်အရိပ်အယောင်မြင်တာနဲ့ အတင်းလုမယ့်အရိပ်အယောင် ပြလာပါတယ်။ အစကတည်းက မောင်ထက်ခိုင်က ဟိုလူနဲ့ နားလည်မှုယူပြီး နောက်က လိုက်ခဲ့တာပါ။ ဒါပေမယ့် အဖွားကြီးက သူ့ကားရဲ့ ခေါင်းပိုင်းကို အတင်းတိုးဝင်လာပါတယ်။ ပွဲကြီးပွဲကောင်းတော့ တွေ့ပါပြီ။ ပိတ်သတ်ကြီး ဒီလိုထင်ရင် မှားမှာပေါ့။ မောင်ထက်ခိုင်က အားနာတတ်ပါတယ်။ အဖွားကြီးဝင်ချင်တာကို ပေးဝင်ဖို့ မောင်ထက်ခိုင်ကားကို နောက်ဆုတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် ဟိုလူက အဖွားကြီးအကြံကို လုံးဝလက်မခံပါ။ အဖွားကြီးကို လုံးဝ ဖယ်မပေးပါ။ မောင်ထက်ခိုင်ကားကို လက်ညိုးထိုးပြပြီး အဖွားကြီးကို တစ်ခုခု ပြောလိုက်ပါတယ်။ အဖွားကြီးကလည်း ခေသူမဟုတ်ပါ။ အဖွားကြီးကလည်း လက်ညိုးတထိုးထိုးနဲ့ ဟိုလူကို ရန်တွေ့ပြန်ပါတယ်။ မောင်ထက်ခိုင်နဲ့ သူမကတော့ ကားထဲကနေ တခွိခွိနဲ့ ရယ်လို့မဆုံးပါ။ အဖွားကြီး အရမ်းကို ဒေါသထွက်နေပါပြီ။ ဟိုလူကလည်း ကားထဲကို လုံးဝ မဝင်ပါ။ တမင်ကို ပေရပ်နေပါတယ်။ နောက်ဆုံးတော့ အဖွားကြီး အကြီးအကျယ် ဒေါကန်ပြီး မောင်းထွက်သွားပါသည်။ အဖွားကြီး ထွက်သွားတော့မှ ဟိုလူက မောင်ထက်ခိုင်တို့ကို လက်မ ထောင်ပြပြီး ကားနေရာ ဖယ်ပေးပါတော့သည်။ မောင်ထက်ခိုင်နဲ့ သူမတို့ အတွက်တော့ ရယ်စရာ ပြုံးစရာ အဖြစ်အပျက်လေးပါပဲ။

Monday, October 19, 2009

မစဉ်းမစား မဆင်မခြင်နိုင် မောင်ထက်ခိုင်

မစဉ်းမစား မဆင်မခြင်နိုင် မောင်ထက်ခိုင်

မောင်ထက်ခိုင် ကိစ္စတော်တော်များများကို မစဉ်းစား၊ မဆင်ခြင်ဘဲ လုပ်တတ်ပါသည်။ မစဉ်းစားတော့ အမှန်ကို မမြင်နိုင်ပြီပေါ့။ အဲဒီတော့ မှားပြီ။ မောင်ထက်ခိုင်မှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားညာဏ်မရှိတော့တာလား။။မောင်ထက်ခိုင် မစဉ်းစားဘဲ လုပ်တိုင်း မောင်ထက်ခိုင်ပဲ ခံရတာပါ။ ဘယ်သူမပြု မိမိမှု ဆိုတာကိုး။ မောင်ထက်ခိုင် မစဉ်းစားနိုင်တော့တာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တစ်ခု ရှိပါသေးသည်။ ဒါကိုတော့ မောင်ထက်ခိုင်ရဲ့ အနီးဆုံးလူတွေ သိပါသည်။ ကိုယ့်အမှားကို တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခု အပေါ် အပြစ်တင်တာလည်း မောင်ထက်ခိုင် မလုပ်ချင်ပါ။ ကိုယ့်ဟာကိုယ် မစဉ်းစား၊ မဆင်ခြင်နိုင်တာကိုပဲ အားမရတာပါ။ ထုံးစံအတိုင်း ဥပမာလေး မပါရင် စာမရေးတတ်တဲ့ မောင်ထက်ခိုင် ဇာတ်စုံခင်းလိုက်ပါဦးမည်။

ပြီးခဲ့တဲ့လက လောလောလတ်လတ်ကြီး မောင်ထက်ခိုင်တို့ ဧရိယာမှာ လေးဇီးကလပ် တေးဂီတ ဖျော်ဖြေပွဲ လုပ်သွားပါသည်။ မောင်ထက်ခိုင်တစ်ယောက် ဘယ်နေလိမ့်မလဲ။ အပြေးအလွှား သွားကြည့်သည်ပေါ့။ သွားကြည့်တော့ ဘာဖြစ်သတုန်း။ ဘာမှမဖြစ်ပါခင်ဗျာ။ ပြသနာက ပွဲပြီးမှ ဖြစ်တာပါ။ ပွဲပြီးတော့ ပွဲစီစဉ်သူများက သူတို့ အိမ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ပွဲအပြီး အောင်ပွဲခံ ပါတီလုပ်မယ်ပေါ့။ မောင်ထက်ခိုင်တစ်ယောက် သွားချင်လိုက်တာ ရွထနေပါသည်။ သူမကတော့ သဘောမတူပါ။ သူမက အကျိုးသင့် အကြောင်းသင့် ရှင်းပြပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ပါ။

တစ်အချက် - ပွဲစီစဉ်သူများဟာ ပစ္စည်းတွေ သိမ်းရပါမယ်။
နှစ်အချက် - အဆိုတော်တွေက ပင်ပန်းနေပါပြီ။
သုံးအချက် - သွားရမည့် ခရီးက ဝေးပါတယ်။
လေးအချက် - အချိန်က ညနက်နေပါပြီ။
ငါးအချက် - ပြောသာပြော၊ ခေါ်သာခေါ်တာပါ။ အစီအစဉ် ကျကျနနလည်း မရှိပါ။

သေသေချာချာ ပြန်စဉ်းစားကြည့်တော့ သူမ ပြောတာ နည်းလမ်းကျပါသည်။ မောင်ထက်ခိုင်ကတော့ မစဉ်းစားပါ။ သွားမယ် ဆိုတာချည်းပါပဲ။ ဒီနေရာမှာ သဘောထား ကွဲလွဲပါပြီ။ မစဉ်းစားတတ်သော မောင်ထက်ခိုင်နဲ့ စဉ်းစားတတ်သော သူမတို့ နားလည်မှု လွဲမှားပြီး ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ပွါးပါသည်။ နှစ်ဦးနှစ်ဘက် ဘယ်သူမှ မလျှော့ချင်ပါ။ နောက်ဆုံးတော့ မောင်ထက်ခိုင်က သူမကို အိမ်ပြန်ပို့ပါမည်။ ပြီးရင် မောင်ထက်ခိုင်ကတော့ ပါတီကို သွားမည်ဟု ဆုံးဖြတ်လိုက်ပါတယ်။ သူမက အိမ်ကို အပြန်လမ်းတစ်လျှောက်လုံးလည်း အမျိုးမျိုး ဖျောင်းဖျပါသည်။ မရတော့ပါ။ မောင်ထက်ခိုင်ကို သိကြားမင်းကြီး ဆင်းတားတောင် မရတော့ပါ။ ဒီလိုနဲ့ မောင်ထက်ခိုင် မျော်လင့်တကြီးနဲ့ ပါတီလုပ်မယ်ဆိုတဲ့ အိမ်ကို ချီတက်သွားပါတယ်။ အဲဒီအိမ်လည်း ရောက်ရော မောင်ထက်ခိုင်တစ်ယောက် ပက်လက်ကို လန်ပါရော။ ဘာပါတီမှ မရှိပါ။ အဆိုတော်တွေက ပင်ပန်းလို့ အိပ်နေပါပြီတဲ့။ ပြန်တဲ့လူတွေတောင် ပြန်ကုန်ပါပြီ။ မောင်ထက်ခိုင်တစ်ယောက်မှာတော့ အချိန်ကုန် လူပင်ပန်း ဗိုက်ဆာရက်ကြီးနဲ့ တပ်ခေါက်ပြန်ခဲ့ရပါတယ်။ အစကတည်းက စဉ်းစဉ်းစားစား လုပ်ခဲ့ဖို့ ကောင်းပါသည်။ အခုတော့ သူမနဲ့ သဘောထား ကွဲလွဲပြီး ရန်ဖြစ်ခဲ့ရတာပဲ အဖတ်တင်ပါသည်။

နောက်ဆက်တွဲအနေနဲ့ကတော့ ထုံးစံအတိုင်း သူမ စိတ်ကျေနပ်အောင် တောင်းပန်လိုက်ရပါသည်။ မောင်ထက်ခိုင် မှားကြောင်း ဝန်ခံရတော့ မခံချိမခံသာပေါ့ ခင်ဗျာ။ မတောင်းပန်လို့လည်း မရဘူးလေ။ မောင်ထက်ခိုင်က မှားခဲ့ပြီကိုး။ ဒီဥပမာလေးက ဘာမှမဟုတ်သေးပါ။ ဒီထက်မက မှားခဲ့တာတွေ အများကြီးပါ။ အမှားကြီးနဲ့ အမှားလေးသာ ကွာခြားပါသည်။ မှားတော့မှားခဲ့သည်ပေါ့။ ကြုံကြိုက်လို့ ကာတွန်းအော်ပီကျယ်ရဲ့ ကာတွန်းလေးကို ပြောပြပါဦးမည်။ သူများအမှားကနေ သင်ခန်းစာ ယူတတ်တာ လူလိမ်မာ။ ကိုယ့်အမှားကနေ သင်ခန်းစာ ယူတတ်တာ လူမိုက်။ ကိုယ့်အမှားကနေ သင်ခန်းစာ မယူတတ်တာ ပိုမိုက်တဲ့သူ။ ဒီတော့ မောင်ထက်ခိုင်က လူမိုက်တစ်ယောက်ပေါ့။ ကိုယ့်အမှားကနေ သင်ခန်းစာ ယူနေတာကိုး။ မောင်ထက်ခိုင် ပိုမိုက်တဲ့သူတော့ အဖြစ်မခံနိုင်ပါ။ လူလိမ်မာလေး မောင်ထက်ခိုင်တော့လည်း မဖြစ်နိုင်သေးပါ ခင်ဗျာ။ ကိုယ့်ဟာကိုယ် စဉ်းစား ဆင်ခြင်နိုင်အောင် ကြိုးစားရင်း လူမိုက်ကလေး မောင်ထက်ခိုင် လုပ်လိုက်ပါဦးမည်။ ပိတ်သတ်ကြီးလည်း မောင်ထက်ခိုင် မစဉ်းမစား မဆင်မခြင်လုပ်တာများ မြင်တွေ့ခဲ့ရင် တွေ့တဲ့နေရာမှာ တားပါ။ ဆီးပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဟိုးအဝေး

Monday, September 21, 2009

တောင်းပန်စကား

ပိတ်သတ်ကြီးခင်ဗျား

မောင်ထက်ခိုင် ကိုယ့်ဟာကိုယ် သတိမထားမိတာ တစ်ခုရှိပါတယ်။ ဘာလဲ ဆိုတော့ မောင်ထက်ခိုင် စာရေးရင် အပိုဒ်မခွဲတာပါ။ ပြောချင်တာအားလုံးကို စာပိုဒ်တစ်ပိုဒ်တည်း စုပြုံရေးတော့ ဖတ်ရသူတွေ မျက်စိ မူးစရာဖြစ်ရပါတယ်။ မောင်ထက်ခိုင်ရဲ့ သူငယ်ချင်းတစ်ယောက်က ထောက်ပြမှ ကိုယ့်ရေးခဲ့တဲ့ ပို့စ်တွေကို ပြန်ဖတ်ပြီး ပိတ်သတ်ကြီးကို အားနာလိုက်တာ။ တကယ်လို့ အားပေးတဲ့ ပိတ်သတ်ကြီးကို မျက်စိမူးအောင် လုပ်ခဲ့မိရင် ဒီနေရာက တောင်းပန်ပါတယ်ခင်ဗျာ။

မောင်ထက်ခိုင်

လင်ယူမယ်

လင်ယူမယ်

ပထမလူ ကတိမတည်ဘူး
ဒုတိယလူ သစ္စာမရှိဘူး
သုံးခိရှာ သုံးခါမရှိပါရစေနဲ့တော့

ထီးမရှိတဲ့ ဘုရား
တံခွန်မရှိတဲ့ ရထား
လင်မရှိတဲ့ မိန်းမ
မတင့်တယ် အကာအကွယ်မဲ့

ဘဝခရီး တစ်ယောက်တည်း
အပျိုကြီး လုပ်ဖို့ဟာ
မိဘက ပေးစား
အောင်သွယ်တော်က တစ်မျိုး
ထိကပါး ရိကပါး ကာလသား
စိတ်ဒုန်းဒုန်းချလိုက်တော့မယ်

ယောက်ျားတွေကို မုန်းလို့
လင်တစ်ယောက် ကောက်ယူလိုက်မယ်ရှင်။ ။

ဟိုးအဝေး

ဂိမ်းကစားသူ

ဂိမ်းကစားသူ

နိမ့်သွားပြီ မြင့်သွားပြီ
ဟိုကြည့်ဒီကြည့် ရင်တထိတ်ထိတ်ခုန်
မျက်စိတစ်မှိတ် စီကနဲ တစ်ချက်
ဝယ်ထားလိုက်တော့မယ်။

ယောင်တောင်ပေါင်တောင် ဝယ်မိယောင်
ဟိုသူဌေးကြီးက ဒီလိုပြောသတဲ့
မဝယ်လိုက်ငြား မှားသလား
တက်ပြန်ပြီ ကျပြန်ပြီ။

နာရီ မိနစ် စက္ကန့်
အရပ်ရပ် ဖြစ်ပျက်လုံးစုံ
ခန့်မှန်းပေတော့
မိုးရွာနေလား နေသာသလား။

စကားလုံးတွေ စီကာပတ်ကုံး
သွန်ချလိုက်ကြပြန်ပြီ
လျှော့ဈေးနဲ့ ရောင်းဟ ရောင်းဟ
ကျုပ်က ဝယ်တုန်းဝယ်ဆဲ။

မိုးမရွာ နေမသာ
အဲဒီနေ့က ဈေးကျသွားသတဲ့
သူဌေး ဖြစ်မလား ခွေးဖြစ်မလား။ ။

ဟိုးအဝေး

Thursday, August 6, 2009

စာအုပ်လေးများ

စာအုပ်လေးများ

အဖုံးကို လှန်ကြည့်
ကာလာစုံ ချယ်လို့
ကိုယ်တိုင်ရေး မျက်နှာဖုံး
ပန်းချီဆရာ ရှုံးရဲ့
မဖတ်ခင် အရင်ကြည့်
မဖတ်ရင် အမှန်မသိ
အတွင်းစာသားက တစ်ဘာသာ
မြစ်တို့၏ မာယာ
စာဖတ်သူ အကုန်လုံး
သိမ်းကျုံးလိုချင် စိတ်ဝင်စားမှု
အညုအညု ခရာတာတာ
ဇာတ်လမ်းတွေ အမျိုးမျိုးဆင်
ဘယ်လုပ်ဇာတ်က အမှန်တွေလဲ
ငမိုက်သားတစ်ယောက်
စာအုပ်ပုံပေါ်မှာမျော
ဖတ်ပြီးမှ သတိရ
သူမလည်း စာအုပ်အသစ်တစ်အုပ်ပါလား။ ။

ဟိုးအဝေး

Thursday, March 5, 2009

ပြုသူအသစ် ဖြစ်သူအဟောင်း

တချို့တချို့သော လူတွေကို ပြောပါတယ်။ မနာကျည်းတတ်တာလား။ အမှတ်မရှိတာလား။ ပြောလိုက်တဲ့ စကားတွေက တိုးလို့ မပေါက်တာလား။ သူတို့လုပ်ချင်တာ လုပ်လိုက်ကြ။ ခံရတဲ့သူက ပြန်ရန်တွေ့ရင် ဟီးဟီးဟားဟားနဲ့။ နာနာကျည်းကျည်း ပြစ်ပြစ်နှစ်နှစ်ပြောလည်း ပန်းလေးနဲ့ ပေါက်သလား ထင်နေတယ်။ အဆိုးဆုံးက ကိုယ်က စေတနာနဲ့ နောက်နောင်မဖြစ်ရအောင် ပြုပြင်ဆုံးမနေတာကို ဟီးဟီးဟားဟား လုပ်တာပဲ။ သူတို့လုပ်လိုက်လို့ တစ်ဖက်သား ဘယ်လောက် စိတ်ဆိုးသလဲ သူတို့မသိဘူး။ ရှင်းပြ ပြောပြတော့လဲ ဟီးဟီးဟားဟားထဲက မထွက်ဘူး။ ဒေါသတွေ အချောင်းလိုက် ထွက်နေလည်း ဂရုမစိုက်ဘူး။ သူတို့ကို ဘယ်လို ဆက်ဆံရမှန်းတောင် မသိတော့ဘူး။ ဒီလိုလူတွေကို နောက်ထပ် မမြင်ရ၊ မတွေ့ရပါစေနဲ့တော့။ သူတို့အတွက်ကတော့ ပြုသူအသစ် ဖြစ်သူအဟောင်း ပဲလေ။

ဖြစ်သူအဟောင်း
စနေသီဟ

Wednesday, March 4, 2009

ပန်းလေးတစ်ပွင့်

ဒီနေ့ သူမနဲ့ စကားများပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ ဂျီတော့မှာ မက်ဆေ့ရေးတာက စတာပါ။ လွန်ခဲ့တဲ့ တစ်ရက်က နှင်းတွေ တစ်အားကျပါတယ်။ ဒီတော့ ကျနော်က ဂျီတော့ မက်ဆေ့မှာ ကိုယ်ရယ်၊ နှင်းရယ်၊ မိုးလေးရယ် လို့ရေးမိပါတယ်။ သူမ တွေ့သွားတော့ ဘယ်က နှင်း လဲတို့၊ ဘယ်က မိုးလေး လဲတို့၊ ဖြစ်လာပါတယ်။ ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ ဂျင်နီနဲ့ မိုးဟေကိုလို့ ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ ဂျင်နီလေး မာစတာ သင်းကြန် ၃ ထဲမှာ ကတာကို အရမ်းလန်းတယ်လို့ ပြောထားတာကလည်း လောလောလတ်လတ်ကြီး ဖြစ်နေပါတယ်။ မိုးလေးကတော့ အစကတည်းက သူမ ကြည့်မရသူဆိုတော့ ပြီးပါလေရော။ မိုးမီးလောင်တယ် ဆိုတာ ပရိတ်သတ်ကြီး ကြားဖူးကြမှာပေါ့။ မယုံမရှိပါနဲ့။ အပြင်မှာ တစ်ကယ်ရှိပါတယ်။ တွေ့ကရာ ပစ္စည်း အကုန် လွှင့်ပစ်တာကို ခေါ်တာပါ။ မိုးမီးလောင်တော့ အရာအားလုံး ပြုတ်ကျလာသလိုပေါ့။ ဖြေရှင်းချက်တောင်းပါတယ်။ ထုချေလွှာတင်ခိုင်းပါတယ်။ ဆတ်ဆော့မိတဲ့ ငမိုက်သား ကျနော် ချော့ပေဦးတော့။ နှင်း ဟူသော ကောင်မလေးနဲ့ မိုးလေး ဟူသော ကောင်မလေးတို့ သူမရဲ့ စွပ်စွဲချက်အောက်မှာ အတုံးအရုံးပေါ့ ခင်ဗျာ။ ကျနော့်ရဲ့ မြောက်များလှစွာသော ရည်းစားဟောင်းကောင်မလေးများထဲက နှင်း နဲ့ မိုး ကို ဆွဲထုတ်လိုက်ပါတယ်။ တန်းစီစမ်း။ နင်တို့ ဘာကြောင့်လိုက်နှောင့်ရှက်နေရသလဲ။ ပါးကို ဘယ်ပြန်ညာပြန် ရိုက်ပစ်လိုက်ပါတယ်။ သူမ တစ်ယောက်ထဲ ပွဲကြမ်းနေတာပါ။ ကျနော်ကတော့ မျက်နှာငယ်လေးနဲ့ ငေးကြည့်လို့။ သနားစရာပုံလည်း ဖမ်းရပါသေးတယ်။ ဒီကောင်မလေး နှစ်ယောက် လုပ်တိုင်း ခံနေရတဲ့ ပုံနဲ့။ စိတ်ကူးထဲမှာတော့ တယ်ဟုတ်ပါလား။ ဟာ ဘာတွေလျှောက်ပြောနေတာလဲ။ သူမ အဲလိုမလုပ်တတ်ပါ။ ငိုလို့ ချည်းသာနေပါတယ်။ သူမ တစ်ယောက် သူများပါးရိုက်ဖို့ နေနေသာသာ စကားတောင် ကျယ်ကျယ် ပြောတတ်သူ မဟုတ်ပါ။ နူးညံ့လွန်းသော ပန်းလေးတစ်ပွင့်ပါ။ လူကြမ်းကြီး ကျနော်သာ မိုက်မိုက်ကန်းကန်း လုပ်တတ်တာပါ။ အခုကိစ္စမှာလဲ ကျနော်ကတော့ လူကြမ်းကြီးပေါ့။ သူမကို ငိုအောင်လုပ်သူပေါ့။ ကျနော် စိတ်ကို ပြန်တင်းလိုက်ပါတယ်။ အရစ်ခံရတဲ့ ကျနော်သာ သနားစရာလေးပါ။ အမှန်ကတော့ ဘာမှသနားစရာ မရှိပါ။ အားတိုင်းယားတိုင်း လျှောက်ရေးတတ်သော ကျနော်ပါပဲ။ နောက်ဆုံးမှာတော့ သူမကို တစ်ရက်တိတိ စိတ်ကျေနပ်အောင် ချော့လိုက်ရပါသည် ခင်ဗျား။

Wednesday, February 25, 2009

လက်ထပ်စာချုပ်

လက်ထပ်စာချုပ်

မောင်ထက်ခိုင်တစ်ယောက် ဒီနေ့ ရုံးမှာ ခွက်ထိုးခွက်လန် ရယ်စရာတစ်ခု ကြုံခဲ့ပါတယ်။ ပရိတ်သတ်ကြီးတော့ ရယ်ရချင်မှ ရယ်ရမယ်။ ကာယကံရှင်နဲ့ မောင်ထက်ခိုင် အတွက်တော့ မျက်ရည်များတောင် ထွက်အောင် ရယ်ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ မောင်ထက်ခိုင် ရုံးစာတစ်စောင်ကို ကော်ပီလုပ်ပါတယ်။ အစည်းအဝေးမှာ ဝေဖို့ပါ။ အစောင် နှစ်ဆယ်လောက်ပေါ့။ ပရိတ်သတ်ကြီး သိတဲ့အတိုင်းပဲ ကော်ပီအခန်းထဲက အောအင်ဝမ်း စက်ကြီးနဲ့ပေါ့။ ကော်ပီရော ပရင့်ရော ဖက်စ်ရော စကန်နာရော အားလုံးပေါင်းထားတဲ့ စွယ်စုံရစက်ကြီးပါ။ မောင်ထက်ခိုင်ကလည်း အတတ်ဆန်း ထွင်ပါတယ်။ အစောင်နှစ်ဆယ် တစ်ခါတည်းမပရင့်ဘဲ ပထမဆုံးတစ်ကော်ပီပဲ ပရင့်ထုတ်လိုက်ပါတယ်။ ပြီးမှ ကော်ပီသက်သက် ကူးမယ်ပေါ့။ ဒီလိုနဲ့ ပထမဆုံး ကော်ပီကို ပရင့်ထုတ်၊ ကော်ပီစက်ထဲပြန်ထည့်၊ ကော်ပီကူးပါတယ်။ ပထမဆုံး ကော်ပီကို မစစ်ဆေးတော့ပါဘူး။ အစောင်နှစ်ဆယ် ကော်ပီကူးပြီးတော့ အစည်းအဝေးကို တန်းသွားလိုက်ပါတယ်။ အစည်းအဝေးရောက်တော့ ကော်ပီတွေကို မဝေဖြစ်သေးပါဘူး။ အစည်းအဝေးစပါတယ်။ စာရွက်တွေ ဝေမယ်ဆိုပြီး ရုတ်တရက် ကြည့်လိုက်တော့။ ဟိုက်ရှားဘား။ လက်ထပ်စာချုပ် ကော်ပီကြီး ဖြစ်နေပါတယ်။ ဘယ်လိုဖြစ်တာလဲ။ ရုံးစာကနေ လက်ထပ်စာချုပ်ကို အရှင်လတ်လတ်ကြီး ဘဝပြောင်းသွားပါလိမ့်ပေါ့။ တော်ပါသေးရဲ့။ ကော်ပီစာရွက်တွေ မဝေမိသေးလို့။ ဒီအချိန်မှာ ဟိုတလောက လက်ထပ်လိုက်တဲ့သူက အစည်းအဝေးအခန်းထဲကို ပြေးဝင်လာပါတယ်။ အူယားဖားယားနဲ့။ မောင်ထက်ခိုင် ရိပ်မိလိုက်ပါပြီ။ သူက သူ့လက်ထပ်စာချုပ်ကော်ပီကို ပရင့်ထုတ်တာပါ။ သူ့စာရွက်က မောင်ထက်ခိုင်ရဲ့ စာထက်အရင် ထွက်လာတာကိုး။ မောင်ထက်ခိုင်က သေချာမကြည့်ဘဲ သူ့လက်ထပ်စာချုပ်ကို ယူပြီး ကော်ပီ အစောင်နှစ်ဆယ် ကူးပစ်လိုက်ပါတယ်။ အစည်းအဝေးမှာ မဝေရသေးတာ အလွန်ကံကောင်းပါတယ်။ လူကြီးတွေက ထင်မှာပေါ့။ မောင်ထက်ခိုင် နောက်တီးနောက်တောက်လာလုပ်တယ်လို့။ အားလုံးကို တောင်းပန်ပြီး သူနဲ့ မောင်ထက်ခိုင် အစည်းအဝေးခန်းထဲက ထွက်လာပါတယ်။ အပြင်ရောက်မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်ရတာ။ သူ့လက်ထဲမှာက မောင်ထက်ခိုင်ရဲ့ ရုံးစာ။ သူကလည်း စိတ်မဆိုးတတ်လို့ တော်ပါသေးတယ်။ ရယ်လို့အားရတော့မှ ကော်ပီအခန်းထဲကို အမြန်ပြေးပြီး ရုံးစာကို ကော်ပီလုပ်ရပါတယ်။ မျက်နှာပိုးသတ်ပြီး အစည်းအဝေးခန်းထဲ ပြန်ဝင်တော့ လူကြီးတွေက မေးပါလေရော။ မောင်ထက်ခိုင်လည်း ချော်လဲရောထိုင်နဲ့ စာရွက်ကျန်လို့ ပြန်ယူတာလို့ ပြောလိုက်ရပါတယ်။ လက်ထပ်စာချုပ် အကြောင်းတော့ တစ်ခွန်းမှ မဟပါခင်ဗျား။

Tuesday, February 24, 2009

ပိုက်ဆံအိတ်တစ်လုံး ဝယ်ယူခြင်း

ကောင်မလေးတွေ ပိုက်ဆံအိတ်လှလှလေးတွေ ကိုင်ကြပါတယ်။ မောင်ထက်ခိုင် အစတုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ လုံးဝကို သတိမထားမိတာပါ။ အပြင်သွားရင် ထည့်စရာအိတ်တစ်လုံးလိုသည်ပေါ့။ မောင်ထက်ခိုင်အတွက်ကတော့ အိတ်ဖြစ်ရင်ပြီးတာပါပဲ။ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ လက်ဆွဲအိတ်၊ တခါတလေ ကျွပ်ကျွပ်အိတ်တောင်ပါသေး။ ထည့်စရာ ပစ္စည်းကြီးရင်ကြီးသလို အိတ်ကြီးကြီးသယ်တဲ့အခါလည်း ရှိရဲ့။ အိတ်မပါတဲ့ အခါလည်း ရှိရဲ့။ အမျိုးမျိုး အထွေထွေပါပဲ။ သေချာတာကတော့ အိတ်မရွေးတာပါ။ ကြုံတဲ့ အိတ်ကို ကြုံသလို ထည့်လိုက်တာပါပဲ။ မောင်ထက်ခိုင် ထည့်စရာ အိတ်မရွေးတာကို ပြောတာပါ။ ကောင်မလေးများကတော့ ဒီလိုမဟုတ်ပါ။ ဒီခရီး ဒီအိတ်နဲ့သွားမှ၊ ဒီလမ်းမှာ ဒီအိတ်မပါလို့ မဖြစ်ပါ ဆိုတာတွေရှိပါတယ်။ ထားပါတော့လေ။ မောင်ထက်ခိုင်ပြောချင်တာ ကောင်မလေးများ အကြောင်းမဟုတ်ပါ။ ကောင်မလေးတစ်ယောက် အကြောင်းဖြစ်ပါသည်။ မောင်ထက်ခိုင်ရဲ့ သူမ ပေါ့ခင်ဗျာ။ သူမ အိတ်လှလှလေးတွေ တော်တော် ကြိုက်ပါသည်။ အိတ်လှလှလေးတွေလည်း သူမဆီမှာ တော်တော်များများ ရှိပါသည်။ ဒါပေသိ သူမကတော့ အိတ်ကလေးများကို တွေ့တိုင်း ကြုံတိုင်းဝယ်နေဆဲပါ။ တခါတလေ သူမ ကြိုက်သော အိတ်ကလေးများဆိုရင် ရောင်စုံဝယ်ချင်ပါသေးသည်။ သူမက တံဆိပ်ကိုလည်း ကြည့်ပါသေးသည်။ သူမမှာ တံဆိပ်နဲ့ တန်ဖိုးကို တွက်ရချက်ရတာလည်း အမောပါပဲ။ မောင်ထက်ခိုင်ကတော့ အမြဲတမ်း ဒီလိုထင်ပါသည်။ တံဆိပ်ကောင်းကောင်းလိုချင်ရင် တန်ဖိုးများများပေးရပါမည်။ ဒီလို ထင်ထားသော မောင်ထက်ခိုင်တစ်ယောက် အမှားကြီးမှားပါတော့သည်။ ဖြစ်ပုံကတော့ မပြောပါနဲ့တော့ ပရိတ်သတ်ကြီးရယ်။ မောင်ထက်ခိုင် သူမအတွက် လက်ကိုင်အိတ်ကလေးတစ်လုံး ဝယ်ပြီး လက်ဆောင် ပေးမလို့ပေါ့။ ဒါနဲ့ပဲ သူမရဲ့ အိတ်ပေါင်းစုံကို လိုက်ကြည့်ရပါတော့တယ်။ ဘယ်လိုပုံစံ၊ ဘယ်တံဆိပ်၊ ဘာအမျိုးအစား၊ ဘာအရောင်၊ ဘယ်လောက်၊ မောင်ထက်ခိုင် ခေါင်းတွေ မူးနောက်သွားပါတယ်။ ဈေးကြီးကြီးပေးရင် အိတ်ကောင်းကောင်းရမယ် ဆိုသော မောင်ထက်ခိုင် လက်မှိုင်ချရပြီပေါ့။ အိတ်လှတိုင်းလည်း ဈေးမကြီးပါ။ အိတ်သေးတိုင်းလည်း ဈေးမပေါပါ။ တံဆိပ်ကလည်း စကားပြောပါသေးတယ်။ သူမ ကြိုက်တတ်သော အရောင်ကိုလည်း ရွေးရပါဦးမယ်။ အရောင်ဆိုလို့ ပြောရပါအုန်းမယ်။ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲလေ ဒီနိုင်ငံမှာ ရာသီကိုလိုက်ပြီး အရောင်ရွေးကြတာမဟုတ်လား။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ။ အရောင်တွေမျိုးစုံကို သူ့ရာသီနဲ့ သူ့အရောင် ဝတ်ရပါတယ်။ အဝတ်အစားပြောင်းသလို အိတ်လည်း ပြောင်းရပါသေးတယ်။ အလွန်အလုပ်ရှုပ်သော၊ ခေါင်းစားသော အရောင်ရွေးချယ်ရေးပါ။ သူမကတော့ အရောင်ရွေးရတာကို သဘောကျပါသတဲ့။ ပျော်ဖို့တောင်ကောင်းသေးဆိုပဲ။ သူမဆီမှာ အိတ်ရောင်စုံရှိနေတော့ မောင်ထက်ခိုင် ဗျာများရပြီပေါ့။ သူမမှာ မရှိသေးသောအရောင်ကို ပေးချင်တာကိုး။ ဒါမှလဲ မောင်ထက်ခိုင် အမှတ်ကောင်းကောင်းရမှာပေါ့။ ဒီလိုနဲ့ မောင်ထက်ခိုင်တစ်ယောက် မောလ်ဆိုသော ကုန်တိုက်ဈေးကြီးကို ရောက်ပြီးသကာလ လက်ကိုင်အိတ်ဆိုင်တွေကို လျှောက်ငေးမိပါတော့တယ်။ လျှောက်ရွေးတယ်လို့ ပြောတာပါ။ ဘုမသိဘမသိနဲ့ တောင်ကြည့်မြောက်ကြည့်ပေါ့။ ဒီပါတ်မန့်စတိုးကြီးတွေကလည်း ဟီးနေတာပါပဲ။ အရောင်းစာရေး၊အရောင်းစာရေးမလေးများကလည်း ပျူပျူငှါငှါနဲ့ပေါ့။ အစ်ကိုကြီး ဘာရှာသလဲ။ ဘာကူညီရမလဲ။ မောင်ထက်ခိုင်လည်း သဘောကောင်းပုံရတဲ့ အရောင်းစာရေးမချောချောလေးကို ချဉ်းကပ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ ပိုက်ဆံအိတ် ဆက်ရှင်မှာ သူက တာဝန်ကျတာကိုး။ မောင်ထက်ခိုင်လည်း ဟိုင်း ဟောင်းအာယူပေါ့။ လေပေးလေးလည်း ဖြောင့်သွားရော မောင်ထက်ခိုင်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ပိုက်ဆံအိတ်လှလှလေး ဝယ်ချင်ကြောင်း၊ ခေတ်စားနေတဲ့ ဒီဇိုင်းနဲ့ အရောင်လေးလည်း ရှာပေးဖို့အကြောင်း။ တံဆိပ်တွေ အကြောင်းလဲ သိပ်နားမလည်ပါဘူး။ ဒီမှာတင် မောင်ထက်ခိုင်ရဲ့ အယူအဆကို ရှင်းပြလိုက်ပါတယ်။ ဈေးကြီးရင်ကောင်းသည်ပေါ့ခင်ဗျာ။ အရောင်းစာရေးမလေးကလည်း ထောက်ခံပါတယ်။ မှန်တာပေါ့။ ဟုတ်တာပေါ့။ သူက ထောက်ခံမှာပေါ့။ ဈေးကြီးကြီးအိတ်ရောင်းရရင် သူ ကော်မရှင်ပိုရမှာကိုး။ ဒီတော့ သူက ဈေးကြီးကြီးတွေပြပါလေရော။ ပထမတော့ မောင်ထက်ခိုင်မရိပ်မိသေးပါ။ အိတ်လေးတွေက တစ်ခုထက် တစ်ခု လှလာတယ်ပေါ့။ လှမှာပေါ့။ ဈေးက ကြီးသထက် ကြီးလာတာလေ။ သူက ပြ၊ မောင်ထက်ခိုင်က ရွေးနဲ့၊ ကောင်တာပေါ်မှာ အိတ်တွေ ပုံလာပါပြီ။ မောင်ထက်ခိုင်လည်း အားနာနာနဲ့ ရပ်သင့်ပြီပေါ့။ ပြပြီးတဲ့ အပုံထဲက တစ်အိတ်ကို ကောက်ကြည့်လိုက်ပါတယ်။ မြတ်စွာဘုရား။ ဈေးက ခေါင်ခိုက်နေပါလား။ ဘာအိတ်မို့လို့လဲ။ ဂူချီ တဲ့ခင်ဗျာ။ ဒီဆိုင်မှာ ဂူချီအိတ်ပဲ ရောင်းပါသတဲ့။ ကောင်းရော။ မောင်ထက်ခိုင်တစ်ယောက် တောသားမြို့ရောက် လူလည်လုပ်ပြီး ဝင်လိုက်တဲ့ဆိုင်က ဂူချီ ဆိုင်တဲ့ ခင်ဗျာ။ အဲဒါမှ ခက်ပြီ။ ပြန်ထွက်ရလည်း အခက်။ ပြထားတဲ့ အိတ်တွေကို တစ်အိတ်မှ မကြိုက်ဘူး ငြင်းရလည်း အခက်။ ကျဉ်းထဲကျပ်ထဲ။ ရှက်ကလည်း ရှက်။ အားနာတာက တစ်ဖက်။ အရောင်းစာရေးမချောချောလေး ရှေ့မှာ ချွေးဒီးဒီးကျချင်စရာပေါ့။ သူကတော့ ထင်တော့မှာပဲ။ ဒီလူ ဝယ်လည်းမဝယ်ဘဲ ဟိုကြည့်ဒီကြည့်နဲ့။ ချွေးတွေလည်း ပြန်လို့။ မောင်ထက်ခိုင်ဘက်က ကြည့်တော့လည်း သူ့ဟာသူ ရောင်းချင်လို့ ပြတာ။ ဘယ်တတ်နိုင်မလဲပေါ့။ နောက်ဆုံးမှာတော့ မောင်ထက်ခိုင် စိတ်လျှော့လိုက်ပါတယ်။ ဖြစ်ချင်တာ ဖြစ်။ သူအထင်သေးတာတော့ မခံနိုင်ပါ။ အားနာတာလည်း ပါတာပေါ့။ နောက်မှ ကြည့်ရှင်းမယ်ဆိုပြီး ပြထားတဲ့အထဲက အကြိုက်ဆုံး အိတ်တစ်လုံးကို မျက်စိမှိတ်ပြီး ဝယ်လိုက်ပါတော့တယ်။ မဝယ်လို့လည်း မဖြစ်တော့။ ဟိုအိတ်ကိုင်လိုက် သက်ပြင်းချလိုက်၊ ဒီအိတ်ကိုင်လိုက် သက်ပြင်းချလိုက်နဲ့။ ကောင်မလေးကတော့ ပိုက်ဆံရှင်းပြီးမှပဲ ဟင်းချနိုင်ပါတော့တယ်။ မဟုတ်ရင် သူ ပြန်သိမ်းရမှာတွေက အများကြီးလေ။ မရောင်းလိုက်ရရင် အချိန်ကုန် လူပင်ပန်းနဲ့ မောင်ထက်ခိုင်ကို ကျိန်ဆဲမလား မသိပါ။ အခုတော့ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာအားပေးပါနော်။ အပြုံးလေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ ကောင်းသောနေ့ဖြစ်ပါစေ လို့တောင် ဆုတောင်းပေးလိုက်ပါသေးတယ်။ မောင်ထက်ခိုင်တစ်ယောက်တော့ မအီမလည်နဲ့ ဆိုင်ထဲက ထွက်လာပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်တော့မှ ဂူချီ ဆိုတဲ့ စာလုံးကြီးက ပြုံးပြလိုက်ပါတယ်။ မအူမလည် မောင်ထက်ခိုင်ပါ။ ဘာပဲဖြစ်ဖြစ်ပါ။ သူမ ပျော်ရွှင်သွားတာကို ကြည့်ပြီး ဖြစ်ရတဲ့ ပီတိကတော့ ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူးလေ။ သူမကို ဂူချီအိတ် ဘယ်လို လက်ဆောင်ပေးတယ်ဆိုတာ နောက်ထပ် ပို့စ်တစ်ခုရေးပြီး ပရိတ်သတ်ကြီးကို ပြောပြပါဦးမယ်။ အခုကတော့ ရယ်စရာ အဖြစ်အပျက်အနေနဲ့ အရင် ပြောပြတာပါ။ ကြွားတာ မဟုတ်ပါခင်ဗျား။

Monday, February 9, 2009

စနေသီဟ

မောင်ထက်ခိုင်ရဲ့ ဂိမ်းကစားတဲ့ ဘဝလေးကို နည်းနည်း ရှင်းပြချင်လို့ ဒီပို့စ်တင်တာပါ။ အမှားပါသွားခဲ့ရင် ခွင့်လွှတ်ဖို့ ကြိုပြီး တောင်းပန်ချင်ပါတယ်။

သူများတွေ ပွါးတော့ စနေသီဟလဲ ဖိန့်ဖိန့်နဲ့ ဝင်အာလိုက်ဦးမယ်။ တနေ့သ၌ တီစီလူမိုက်အလောင်းအလှာလေး အကောင်းစားလေး စနေသီဟရဲ့ ချစ်လှစွာသော အသည်းလေး ကောင်မလေးတစ်ယောက်ဟာဖြင့် မြန်မာကျူးပစ်ဆိုတဲ့ ဖိုရွမ်မဟာကြီးမှာ ဟိုကြည့်ဒီကြည့်ပေါ့နော်။ တိုတိုပြောရရင်။ ဟမ် ဘာမှမပြောရသေးဘူး ကိုစနေသီဟရဲ့ (ပိတ်သတ်ကြီးရဲ့ အသံ) ။ ထားပါတော့။ သူမက တီစီ သရက်ကို ဝင်ကြည့်မိပါတယ်။ သူမက စနေသီဟ ဂိမ်းကစားတာကြိုက်တယ် ဆိုတာသိထားတော့ ပြန်ပြောပြတာပေါ့နော်။ ဘယ်သူကတော့ ဘယ်လိုချလိုက်ကြောင်း ဘယ်လိုနှက်လိုက်ကြောင်း အားရပါးရကို ပြောတော့တာပဲဗျာ။ ဒီလိုနဲ့ ကျနော်လည်း စိတ်ဝင်စားပြီး တီစီ အကောင့်တစ်ခု ဖွင့်လိုက်ပါတယ်။ ပထမတော့ ရိုးရိုးပဲ ထရိန်းပါတယ်။ သူမကိုလည်း ချော့မော့ပြီး တီစီသရက်ကို ဖတ်ခိုင်းရပါသေးတယ်။ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ ကိုတီးရဲ့ အိမ်ငှါးမည်ဆိုတဲ့ ကြော်ငြာလေးကို သွားတွေ့ပါတယ်။ ကိုတီးရေ ကူညီပါအုန်း ဆိုတော့ ပထမ ဗီလာလေး ငှါးပေးပါတယ်။ နောက်တော့ ကိုတီးတစ်ယောက် ဖက်ကျသွားပါတယ်။ တီးပါတီဆိုပြီး တီစီမှာ တော်တော်ကို ကြီးကြီးကျယ်ကျယ်ဖြစ်သွားပါသေးတယ်။ အိမ်စုတ်လေးမှာပြန်နေရင်း သီချင်းဆိုဆိုနေတော့ (ဘာမှလဲမဆိုင်ဘူး) ကိုလီယိုကြီးရဲ့ မန်းရှင်း မဲဖောက်ပွဲကြီးကို သူမက ဖတ်ပြီး ပြောပြပါလေရော။ အဲဒီမှာ ကျနော်ဗျာ မန်းရှင်းနဲ့ နေချင်စိတ်တွေ တဖွားဖွားနဲ့ ထိန်းမနိုင်သိမ်းမရ ပေါ်လာပါတော့တယ်။ ဒါနဲ့ပဲ ကိုလီယိုကို တီစီမှာ မေးလ်ပို့ပြီး စုံစမ်းကြည့်တော့ အဲ့လူကြီးက မြန်မာကျူးပစ်က မင်ဘာမှ မဲဖောက်ပွဲမှာပါလို့ ရမယ်တဲ့။ အဲဒီအချိန်တုန်းက စနေသီဟက မြန်မာကျူးပစ်မဟုတ်သေးပါဘူး။ ဖိုရမ်ဂျွိုင်းဖို့ကလဲ အဲဒီတလောက ပိတ်ထားပါတယ်။ သူမကို အပူကပ်ပြီး ပို့စ်တင်ခိုင်းတော့ သူမက အဖြစ်သည်းရန်ကော ဆိုပြီး အင်္ဂလိပ်လို တင်ပေးပါတယ်။ အဲလို စနေသီဟ ရောဂါတက်နေချိန်မှာ ကယ်တင်မယ့် ခပ်ချောချော အစ်ကိုကြီးတစ်ယောက် ပေါ်ပေါက်လို့လာပါတယ်။ ကိုထုဆစ်သူက ကျနော့်ကို ဖိုရမ်ဂျွိုင်းဖို့ ဖိတ်ခေါ်ပေးပါတယ်။ စနေသီဟတစ်ယောက် တင်းပြည့်ကျပ်ပြည့် မြန်မာကျူးပစ် လူမိုက်လက်သစ်တစ်ယောက်ဖြစ်လာပါရော။ ဒီလိုနဲ့ ကိုလီယိုရဲ့ မန်းရှင်း မဲဖောက်ပွဲကြီးကို ဆင်နွဲပြီးသကာလ မန်းရှင်းတစ်လုံး မဲပေါက်ပါတယ်။ တသက်နဲ့တကိုယ် မဲပေါက်ဖူးတာပါ။ ကိုမောင်နမ့်ကလည်း လက်ဆောင်တစ်ခုပေးပါသေးတယ်။ မမှတ်မိတော့တာကို ခွင့်လွှတ်ပါခင်ဗျာ။ မန်းရှင်းကြီးနဲ့ နေပြီးတော့ ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်သေးပါဘူး။ကိုလီယိုကြီးက ထွင်ပြန်ပါရော။ စကားပုံဆက်တဲ့ ဂိမ်းတဲ့။ ဝင်ပါတဲ့လူကို တစ်သန်းပေးမယ်တဲ့။ ဟာ ဒါဆိုရင် စနေသီဟတို့ ဘယ်နေမလဲ။ အပြေးအလွှားပါရပြန်ပြီပေါ့။ (ပါလေရာကြီးကို ဖြစ်လို့)။ အခုပြန်တွေးကြည့်တော့ ဒီဂိမ်းကို ကစားဖြစ်သွားတာ ကျေးဇူးတင်ရမယ်။ အခု စနေသီဟကို အကူအညီပေးနေတဲ့ အမာခံ ဘော်ဘော်တွေကို အဲ့ဒီဂိမ်းမှာ စပြီးသိကျွမ်းခင်မင်ခဲ့ရလို့ပါ။ နံမယ်တွေတော့ ထုတ်မပြောတော့ပါဘူး။ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ သူတို့နဲ့ ပေါင်းမိတော့မှ ပိုပြီး အက်တစ်ဖြစ်လာပါတယ်။ တီစီအကြောင်းလေး တီးမိ ခေါက်မိ ရှိလာတော့ မာလတီလေး ကိုင်ချင်လာပါတယ်။ မာလတီကိုင်မယ်ဆိုတော့ မြှောက်ပေးသူက ကိုသူရိန်။ ချသာချတဲ့။ ကြည့်ပါဦး။ သူက အကုန်ထောက်ပံ့မယ်တဲ့ဗျား။ မြှောက်ပေးသူရှိမှတော့ စနေသီဟတို့ ဘာလို့မမိုက်ရဲ ရှိပါ့မလဲ။ အကောင့်မွေးသည်ပေါ့ခင်ဗျာ။ ဇာတ်လမ်းလေးကို ဒီနေရာမှာရပ်လိုက်ပါအုန်းမယ်။ (ဟာ မီးပျက်သွားတာလား ပိတ်သတ်ကြီး အော်သံ)။ အချိန်ရရင် ဆက်ရန် ကျန်ပါသေးတယ်။ စနေသီဟ အကြောင်းကို တဖွဲ့တနွဲ့ရေးတာကို သည်းခံပြီး ဖတ်ပေးတဲ့ ပိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

စနေသီဟ

Wednesday, January 14, 2009

လက်ထပ်မင်္ဂလာ

ဒီနေ့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက် အီးမေးလ်ပို့လာပါတယ်။ သူက ဗာကေးရှင်းသွားတာ နှစ်ပတ်လောက်ရှိပါပြီ။ သူ့နိုင်ငံကို ပြန်ပြီး သူ့အမေကို သွားတွေ့မယ်လို့ ပြောသွားပါတယ်။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ လက်ထပ်ပြီး ပြန်ရောက်လာပါတယ်။ သူမိန်းမရပြီ ဆိုတာကို တစ်ရုံးလုံးကို အီးမေးလ်ပို့ပြီး လှည့်ကြွားတာပါ။ သူတို့ မင်္ဂလာဆောင် ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ပေါ့။ အားလုံးကလည်း အံ့ဩတကြီးနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း အီးမေးလ်ပို့ကြပါတယ်။ မောင်ထက်ခိုင်လည်း အံ့ဩမိပါတယ်။ သူ့အတွက် ပျော်လည်းပျော်ပါတယ်။ သူက ပထမ အိမ်ထောင်နဲ့ ကလေးတစ်ယောက် ရှိပါတယ်။ ပထမ အိမ်ထောင်နဲ့ကွဲတာတော့ ကြာပါပြီ။ သူအမြဲပြောတတ်တာလေးတစ်ခု ပြောပြချင်လို့ပါ။ ပရိတ်သတ်ကြီးလည်း ကြားဖူးကြမှာပါ။ နွားနို့တွေ အလကားရနေတဲ့ နေရာမှာ နွားမ တစ်ကောင် ဘာအတွက် ဝယ်မွေးမလဲ ဆိုတဲ့ စကားလေးပါ။ သူက ထပ်ဖြည့်စွက်လိုက်ပါသေးတယ်။ သူ့အတွက်တော့ နွားမ တစ်ကောင်လည်းဝယ်မွေးပြီးပါပြီတဲ့။ အလကားရတဲ့ နွားနို့တွေလည်း သောက်ပြီးပါပြီတဲ့။ နောက်ဆုံးတော့ နွားနို့ကို နွားနို့အနေနဲ့ပဲ သောက်တာကောင်းပါတယ်တဲ့။ အိမ်ထောင်ရေးသုခနဲ့တော့ မရောစေချင်ပါတဲ့ခင်ဗျား။ မောင်ထက်ခိုင်က အတွေးသမားဆိုတော့ ဆက်တွေးမိပါတယ်။ လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြသလဲ။ နွားနို့အတွက် တစ်ခုတည်းတော့ ဟုတ်မယ်မထင်ပါ။ အထူးသဖြင့် နွားနို့တွေ အလကားရနေတဲ့ ဒီလိုနေရာမှာပါ။ ဘဝတစ်ခုလုံး လက်တွဲပြီး လောကဓံကို ကြံ့ကြံ့ခံ ဖြတ်သန်းဖို့ ခရီးဖော်လိုအပ်တာပါ။ ခရီးဖော်ကို ရှာတွေ့ရင် ဘဝခရီးအတွက် လက်ထပ်ကြတာပါ။ ဒါကြောင့်လည်း လူ့ဘောင်မှာ လက်ထပ်မင်္ဂလာဆိုတာရှိနေတာပါ။ အရင်တုန်းကလည်း ရှိခဲ့ပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲ။ လူသားတိုင်း ဘဝခရီးဖော်ကို ရှာဖွေတွေ့ရှိကြပါစေ။

Friday, January 9, 2009

ကျန်းမာရေး

မောင်ထက်ခိုင် နေမကောင်းပါခင်ဗျား။ အခုတလော ခရီးတွေကများ လူလည်းပင်ပန်းနဲ့ နှာစေး ချောင်းဆိုးဖြစ်နေပါတယ်။ သူမကတော့ တဖြစ်တောက်တောက်နဲ့ ပြုစုရှာပါသည်။ သူမက အစကတည်းက ခရီးထွက်မှာကို သဘောမတူပါ။ သူမ မလိုက်ရလို့ပါတဲ့ ခင်ဗျာ။ ခရီးထွက်တုန်းက အဖြစ်အပျက်တွေအကြောင်း ပရိတ်သတ်ကြီးကို ပြောမပြရသေးပါ။ နေကောင်းလာမှ ရေးနိုင်ပါတော့မယ်။ နင်လားငါလား အင်တိုက်အားတိုက်ရေးချင်ပါသော်လည်း ကျန်းမာရေးက မကောင်း။ ကျန်းမာရေးကကောင်းပါသော်လည်း လိုအင်ဆန္ဒကမပြည့်။ လိုအင်ဆန္ဒကပြည့်ပါသော်လည်း ကျန်းမာရေးက မကောင်း။ လုံးလည်ချာလည်လိုက်နေပါသည်။ ဆေးသောက်လိုက်ပါဦးမည်။ မဟုတ်ရင် သူမက အော်ပါမည်။ ပရိတ်သတ်ကြီးလည်း ကျန်းမာလန်းဖြာပြီး လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေ။