Thursday, October 30, 2008

တစ်ပွဲတိုး မောင်ထက်ခိုင်

မနေ့က ကျနော် သင်္ချာစာမေးပွဲတစ်ခု ဖြေပါတယ်။ ပရော်ဖက်ဆာက မေးခွန်းပုံစံတစ်ခု ပေးပါတယ်။ ဆင်တူရိုးမှားလေး တွေမေးမယ်ဟုလည်း ပြောပါတယ်။ မေးခွန်းပုံစံကို လေ့ကျင့်ရင် လုံလောက်ပြီဟုလည်း သတိပေးပါတယ်။ အီဖေကိုကလဲ ဒါမျိုးဆို သိပ်ကြိုက်ပေါ့။ မေးခွန်းပုံစံကိုပဲ အထပ်ထပ် တွက်ပါတော့တယ်။ ကိုယ့်ဟာကိုယ်တော့ အပိုင်ပေါ့။ မေးခွန်းငါးခုမှာ သုံးခုပဲဖြေရမှာဆိုတော့ အေးဆေးပေါ့။ စာမေးပွဲခန်းထဲ ရောက်လို့ မေးခွန်းဝေတော့မှ ပရော်ဖက်ဆာက ဘာစိတ်ကူးပေါက်သည်မသိ။ သုံးပုဒ် မေးပြီး သုံးပုဒ် ဖြေခိုင်းပါတော့သည်။ ရွေးစရာလည်း မရှိ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖြေပေတော့။ ဒီနေရာမှာ မောင်ထက်ခိုင် သင်ခန်းစာတစ်ခု ကောင်းကောင်းကြီး ရလိုက်ပါတယ်။ ဘာမှအပိုင် တွက်လို့မရဘူးဆိုတာပါပဲ။ ရှိစေတော့။ သုံးပုဒ် ဆိုတော့လည်း သုံးပုဒ်ပေါ့နော်။ ဒီနေရာမှာ မေးစရာလေး ပေါ်လာပါတယ်။ ငါးပုဒ် တွက်ထားတာပဲ ဘာကြောက်စရာရှိလဲလို့ ပရိတ်သတ်ကြီးက ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကြောက်စရာမရှိပါဘူး။ ဒါပေသိ မောင်ထက်ခိုင် မှားပုံလေး ပြောပါရစေ။ မောင်ထက်ခိုင်၏ ထုံးစံအတိုင်း ဟိုနည်းနည်း ဒီနည်းနည်း တွက်တတ်ချက်တတ်တော့ ငါးခုစလုံး ရောသွားပါပြီ။ ငါးပုဒ်လာရင် ဘယ်အပုဒ်ကဘာဆိုတာ ခွဲရတာ လွယ်ပါတယ်။ သုံးပုဒ်တည်းပဲ မေးတော့ ဘယ်အပုဒ်က ဘယ်အဖြေဆိုတာ မမှတ်မိတော့ပါဘူး။ ဟိုပုံသေနည်းလိုလို ဒီဖော်မြုလာလိုလိုနဲ့ အဖြေမထွက်တော့ဘူး ခင်ဗျ။ မောင်ထက်ခိုင် ဘာဆက်လုပ်တယ် ထင်ပါသလဲ။ ရောသမမွှေ လုပ်လိုက်ပါတယ်။ သက်သေပြချက်အသစ်တွေ ထွက်လာပါတယ်။ အဖြေတော့ထွက်တယ် ခင်ဗျ။ မမှန်ဘူး။ ဘာဖြစ်ဖြစ် ဆက်ကြိတ်လိုက်တော့ သုံးခုစလုံး မှတ်မိသလိုလို ရှိလာပါတယ်။ ဝမ်းနည်းစရာပါပဲ။ အချိန်ပြည့်သွားပါပြီ။ ကျနော်မောင်ထက်ခိုင် ဘာများတတ်နိုင်ပါမည်နည်း။ ဆုတ်ပြန် ဆန်ပြုတ်ပေါ့။ ပရော်ဖက်ဆာကို ပြောပါသေးတယ်။ ကျနော် သက်သေပြထားတာလေးတွေကို သေသေချာချာစဉ်းစားပေးပါလို့။ ပရော်ဖက်ဆာက မောင်ထက်ခိုင်ရဲ့ အဖြေလွှာကို တချက်ကြည့်ပြီး စိတ်ဝင်စားစရာပဲလို့ အားပေးရှာပါသည်။ မောင်ထက်ခိုင် ကောင်းကောင်းနားလည်လိုက်ပါပြီ။ ကိုယ့်ဟာကိုယ် ယုံကြည်မှု လွန်ကဲလွန်းရင်လဲ မကောင်းပါ။ သေသေချာချာ နားမလည်ပဲ တစ်ပွဲတိုးလုပ်၍မရကြောင်းပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.