Wednesday, October 29, 2008

ကျနော့် ကောင်မလေး..

ကျနော့ ကောင်မလေး.. ကျနော် ငယ်ငယ်က ကောင်မလေးတစ်ယောက် ရှိဖူးတယ်။ မေမေ့ အလုပ်တူ သူငယ်ချင်းရဲ့သမီး ကျနော်ထက် နှစ်နှစ်လောက်ငယ်တဲ့ ကောင်မလေးပါ။ပထမဆုံး ကောင်မလေးသူ့မေမေနဲ့ ကျနော်တို့အိမ်ကိုလာလည်တုန်းက ကျနော်တအံ့တဩ ငေးကြည့်နေခဲ့ရတဲ့ကောင်မလေးပေါ့။ အကြောင်းအရာမမှတ်မိတော့ပေမယ့် အထိမ်းအမှတ်တခုကြောင့် ဖေဖေ့ခွင့်ပြုချက်နဲ့ ကျနော် ငါးမွေးခွင့်ရပြီး သိပ်မကြာသေးခင် အချိန်ကပါ။ စကပ်လိုလို ဂါဝန်လိုလို အဝါရောင်ဝတ်စုံနဲ့ ကောင်မလေး.. ကျနော်က ညီမလေးလို့နှုတ်ဆက်တော့ မျက်မှောင်ကုတ်ထားတဲ့ အကြည့်တချက်နဲ့ တုန့်ပြန်တယ်။ အတော်ရီရတဲ့ ကောင်မလေးလို့ ။ အဲ့ကောင်မလေးက ကျနော့ ငါးကန်ကိုတော့ စိတ်ဝင်တစား လေ့လာနေခဲ့တယ်။ မေမေကတောင်ပြောသေးတယ်။ သမီးလေးရော ငါးကန်ပူဆာပေါ့တဲ့။ ဟာဟ။ မကြာပါဘူး.. ကျနော့မေမေက ကောင်မလေးကိုမေးတယ်။ သမီးလေး ဘာစားမလဲ.. ဗိုက်စာပြီလားလဲဆိုရော.. ကျနော့ကောင်မလေး မဆိုင်းမတွ ကျနော့ငါးကြီးကို လက်ညိုးထိုးလေရော့။ အဲဒါ ကြော်စားချင်တယ်တဲ့။ အားလုံး ဘာပြောရမယ်မှန်းမသိ ရယ်လိုက်ကြတာ။ အကြင်နာမဲ့တဲ့ ကျနော့ ကောင်မလေး။ သေချာတာတခုက ကောင်မလေးကစကားနည်းတယ်။ ကြီးကျယ်တာလည်းဖြစ်နိုင်ပါတယ်။ ကောင်မလေးနဲ့ ကျနော်မရင်းနှီးခဲ့ပါဘူး။ မေမေ့ဆီကပဲ မှုန်တေတေကောင်မလေး အကြောင်းတစွန်းတစလိုလို ကြားဖြစ်နေခဲ့ပါတယ်။ ကျနော့်မှာ မောင်နှမမရှိဘူး။ ညီမလေးတွေ ညီလေးတွေ ကျနော် လိုချင်ပါတယ်။ ဝမ်းကွဲညီနှစ်ယောက်တော့ရှိတယ်။ ရှားရှားပါးပါး ကျနော့ကစားဖက်တွေ။ ကောင်မလေး အမေကသားလေးတယောက် ထက်မွေးတော့မယ်ဆိုတဲ့သတင်း မေမေက ပြောတော့ ကျနော်ကောင်မလေးအတွက် ဝမ်းသာပေးမိတယ်။ ဒါပေမယ့် ကျနော့ကောင်မလေးကတော့ ဝမ်းသာပုံမပေါ်ပါဘူး.. သူ့မေမေကို ကလေးတယောက်ထက်မွေးရကောင်းလားလို့ စိတ်ဆိုးပြီး သူ့အဖိုးအဖွားအိမ်ကို အပြီးပြောင်းသွားသတဲ့။ ကျနော်သေချာလိုက်တယ်.. ကျနော့်ကောင်မလေး မချစ်တတ်ဘူး..။ ကျနော်သိပါတယ်။ ကောင်မလေးက စာတော်တယ်။ ကျနော် တိရိစ္ဆာန်ကုဆေးတက္ကသိုလ်တက်ပြီး ပထမနှစ်မှာ မေမေနဲ့တူတူကောင်မလေးတို့အိမ်ရဲ့ အလှူတစ်ခုကိုရောက်ခဲ့တယ်။ ဆယ်တန်းတက်နေတဲ့ ကျနော့ကောင်မလေး ထမီဝတ်ထားတာတော့ အတော်ပုံမကျဘူးဗျ။ အလှူရှင် ကောင်မလေးက ငယ်ငယ်ကလိုပဲ ကျနော့ကို မျက်မှောင်ကုတ်ပြီး နှုတ်ဆက်တုန်းပဲ။ ကောင်မလေးမေမေက သူ့သမီးလေးကိုလည်း ဆရာဝန်သိပ်ဖြစ်စေချင်ပုံပါပဲ။ ကောင်မလေးကတခွန်းဝင်ပြောတယ်.. ဝါသနာမပါဘူးတဲ့။ အဲဒီညက ကျနော်ပထမဆုံးအကြိမ် ကောင်မလေးကို အိပ်မက်မက်တယ်။ ကျနော့ကောင်မလေးက ချစ်ဖို့ကောင်းပါတယ်။ ကောင်မလေး ဆယ်တန်းဖြေဖို့ရက်မှာ ကောင်မလေး ဖိုးဖိုး ဆုံးသွားလို့ ကျနော်နဲ့မေမေ နောက်တခေါက် ထပ်ရောက်ဖြစ်ကြတယ်။ ကောင်မလေး ငိုတယ်။ နံရံဒေါင့်မှာ ကြုံ့ကြုံ့လေး ငိုနေတဲ့ ကောင်မလေးကို ကျနော် နှစ်သိမ့်ချင်စိတ်.. ကျနော် ပထမဆုံးအကြိမ် ကောင်မလေးကို စကားပြောမိတယ်။ 'မငိုပါနဲ့ ညီမလေးရယ်' ..။ မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ ကောင်မလေးက ကျနော့ကို တွေတွေငေးကြည့်တယ်။ ကျနော် ခဏ ဆွံ့အနေခဲ့တယ်။ ကောင်မလေးကပဲပြောတယ်.. 'ကျေးဇူးတင်ပါတယ်' တဲ့။ ဒုတိယအကြိမ်ဟာ အိပ်မက်မဟုတ်ပါဘူး..။ ကျနော် ဒီမိန်းကလေးကို ဘယ်အကြောင်းကြောင့်မှ မငိုစေချင်ဘူး။ ကောင်မလေးတို့ မိသားစုက ပညာရေးလောက နဲ့တနီးတဖုံအားလုံး ပတ်သတ်ကြတယ်။ ပညာရေးကိုအားပေးပြီး ပညာတတ်မှလူရာဝင်မယ်ဆိုတဲ့စကားမျိုး ကျနော်မကြာခဏ ကြားဖူးရတယ်။ ဆယ်တန်းအောင်စာရင်း မထွက်ခင် ကောင်မလေး ကြီးကြီးက ကောင်မလေးအတွက် အောင်စာရင်းကြိုကြည့်ပေးလို့ ကောင်မလေး ကြိုငိုနေပြီလို့ မေမေပြောတော့ ကျနော် တော်တော်လန့်သွားတယ်။ ဘာကြောင့်ငိုရပါလိမ့်။ ကျတော့မကျဘူးလို့ မေမေကပြောတယ်။ ဂုဏ်ထူး သုံးခုပဲပါလို့ တဲ့။ ဖြစ်မှဖြစ်ရလေ ကျနော့ကောင်မလေးရယ်။ ကျနော်ပြောသားပဲ..။ ကောင်မလေးက တော်ပါတယ်။ မေမေပြောတဲ့ ကောင်မလေးက ဆရာဝန်မှတ်မီတယ်ဆိုတဲ့စကားက အဓိတ်ပ္ပါယ်မဲ့စွာ ကျနော့ကို မျှော်လင့်ချက်တွေပေးတယ်။ ကျနော်တို့ကျောင်းကို သူမ ရောက်လာလေမလား? အဲဒီ့ချိန်က ကျနော့ဘေးက မိန်းကလေးနဲ့ ကျနော်အကြောင်းပြချက်မရှိ အဆက်အသွယ်ပြတ်ခဲ့တယ်။ ကောင်မလေး.. 'နင်လာမယ်ဆို.. ငါအခန်းရှင်းထားမယ'်။ကျနော့ ရူးသွတ်မှု သက်သက်ပါပဲ။ ကောင်မလေးက 'ဝါသနာမပါတာ မလုပ်ပါရစေနဲ့' ဆိုတဲ့အကြောင်းပြချက်နဲ့ GTC တက်တယ်။ ဒီနောက်ပိုင်း ကျနော်ကောင်မလေးအကြောင်း အချိန်အကြာကြီး လစ်လပ်သွားခဲ့တယ်။ကျနော်တို့အိမ်မှာ ဘုရားပင့်ဆွမ်းကပ်တော့.. ကောင်မလေးမေမေက ကောင်မလေးမောင်လေးနဲ့လာတယ်။ ကျနော့အတွက် သတင်းဆိုးပါပဲ။ ကျနော် ကောင်မလေးမေမေကို မေးတယ်.. ညီမလေးရောလို့။ 'သား ညီမလေးက အိမ်ကိုမခင်ဘူး.. သူ Singapore မှာကျောင်းသွားတက်နေတာ.. ၄လလောက်တောင်ကြာရောပေါ'့ တဲ့။ကျနော် ဆရာဝန်ဖြစ်ပြီလို့ ပထမဆုံး နယ်မှာတာဝန်သွားရဖို့ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့အဲဒီ့ချိန်က ကျနော့ဘေးမှာရှိနေခဲ့တဲ့ မိန်းကလေးနဲ့ ကျနော်ဈေးကိုရောက်ခဲ့တယ်။ မမျှော်လင့်ထားမိတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကောင်မလေးက သူ့အန်တီ တစ်ယောက်နဲ့။ ကျနော်.. နှုတ်ဆက်ဖို့ ဆွံ့အနေချိန်မှာ.. ကောင်မလေးအန်တီက နှုတ်ဆက်တယ်။ ကျနော်တို့ ခဏစကားရပ်ပြောဖြစ်တယ်။ ကျနော်ကျောင်းပြီး တဲ့အကြောင်း.. ကောင်မလေး ခဏပြန်လာတဲ့အကြောင်း.. မေမေ့ကိုလည်း သတိရကြောင်းပြောလိုက်ပါဆိုတဲ့အကြောင်း..။ ဘာမှဝင်မပြောတဲ့ ကောင်မလေးက လှည့်ထွက်မှ ကျနော့ကို ပြုံးပြတယ်.. 'သွားလိုက်ပါအုံးမယ် ရှင်' တဲ့။ ကျနော့အိမ်ပြန်လမ်းအထိ ကျနော့မိန်းကလေးကို စကားပြောဖို့ မေ့နေခဲ့တယ်။ ကျနော့ ကောင်မလေးမှာ Singapore ကအရိပ်တွေမြင်ရတယ်။ သင်းနေတဲ့ရနံ့ရယ်.. သိပ်လှတဲ့ဖိနပ်ကလေးရယ်.. စွပ်ကြယ်နဲ့တူတဲ့ကောင်မလေး အင်္ကျီပေါ်က BE MINE ဆိုတဲ့စာတန်းလေးရယ်..။ မျက်ဝန်းတွေနဲ့ပြုံးပြတတ်လာတဲ့ကောင်မလေး နှုတ်ခမ်းရယ်.။ နောက်တခေါက်ပြန်မသွားပါနဲ့တော့ ကောင်မလေးရယ်.။မေမေ့ကို ကျနော်နယ်မသွားခင် အန်တီတို့အိမ်သွားလည်ရအောင်လို့ အစပ်အဆက်မရှိ ပြောမိတယ်။ မေမေက စိတ်ဝင်တစားပဲ။ ဒါနဲ့ ကောင်မလေးပတ်ဝန်းကျင်ကို ကျနော် ရောက်ခဲ့ပါတယ်။ ကောင်မလေးရယ်.. နင်ပြုံးတတ်ခါမှ..။ အမှတ်မရှိစွာ ကျနော် အသည်းကွဲပါတယ်.. ကောင်မလေးကို စိတ်မချစွာ မသွားစေချင်ဘူးလို့ ပြောနေတဲ့ ကောင်မလေးမေမေ.. ကျနော့မေမေကတော့ သမီးလေးက တော်လိုက်တာလို့ ပြောပါတယ်.. ဒါပေမယ့် ကောင်မလေးရယ်.. ဘယ်လိုသတ္တိတွေနဲ့.. နင်တစ်ယောက်ထဲ သွားမှာလဲ? ကောင်မလေးရယ် USA တဲ့လား? အဝေးကြီးပဲ.. အဝေးကြီးပါပဲ..။

No comments:

Post a Comment

Note: Only a member of this blog may post a comment.