Tuesday, February 24, 2009

ပိုက်ဆံအိတ်တစ်လုံး ဝယ်ယူခြင်း

ကောင်မလေးတွေ ပိုက်ဆံအိတ်လှလှလေးတွေ ကိုင်ကြပါတယ်။ မောင်ထက်ခိုင် အစတုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ လုံးဝကို သတိမထားမိတာပါ။ အပြင်သွားရင် ထည့်စရာအိတ်တစ်လုံးလိုသည်ပေါ့။ မောင်ထက်ခိုင်အတွက်ကတော့ အိတ်ဖြစ်ရင်ပြီးတာပါပဲ။ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ လက်ဆွဲအိတ်၊ တခါတလေ ကျွပ်ကျွပ်အိတ်တောင်ပါသေး။ ထည့်စရာ ပစ္စည်းကြီးရင်ကြီးသလို အိတ်ကြီးကြီးသယ်တဲ့အခါလည်း ရှိရဲ့။ အိတ်မပါတဲ့ အခါလည်း ရှိရဲ့။ အမျိုးမျိုး အထွေထွေပါပဲ။ သေချာတာကတော့ အိတ်မရွေးတာပါ။ ကြုံတဲ့ အိတ်ကို ကြုံသလို ထည့်လိုက်တာပါပဲ။ မောင်ထက်ခိုင် ထည့်စရာ အိတ်မရွေးတာကို ပြောတာပါ။ ကောင်မလေးများကတော့ ဒီလိုမဟုတ်ပါ။ ဒီခရီး ဒီအိတ်နဲ့သွားမှ၊ ဒီလမ်းမှာ ဒီအိတ်မပါလို့ မဖြစ်ပါ ဆိုတာတွေရှိပါတယ်။ ထားပါတော့လေ။ မောင်ထက်ခိုင်ပြောချင်တာ ကောင်မလေးများ အကြောင်းမဟုတ်ပါ။ ကောင်မလေးတစ်ယောက် အကြောင်းဖြစ်ပါသည်။ မောင်ထက်ခိုင်ရဲ့ သူမ ပေါ့ခင်ဗျာ။ သူမ အိတ်လှလှလေးတွေ တော်တော် ကြိုက်ပါသည်။ အိတ်လှလှလေးတွေလည်း သူမဆီမှာ တော်တော်များများ ရှိပါသည်။ ဒါပေသိ သူမကတော့ အိတ်ကလေးများကို တွေ့တိုင်း ကြုံတိုင်းဝယ်နေဆဲပါ။ တခါတလေ သူမ ကြိုက်သော အိတ်ကလေးများဆိုရင် ရောင်စုံဝယ်ချင်ပါသေးသည်။ သူမက တံဆိပ်ကိုလည်း ကြည့်ပါသေးသည်။ သူမမှာ တံဆိပ်နဲ့ တန်ဖိုးကို တွက်ရချက်ရတာလည်း အမောပါပဲ။ မောင်ထက်ခိုင်ကတော့ အမြဲတမ်း ဒီလိုထင်ပါသည်။ တံဆိပ်ကောင်းကောင်းလိုချင်ရင် တန်ဖိုးများများပေးရပါမည်။ ဒီလို ထင်ထားသော မောင်ထက်ခိုင်တစ်ယောက် အမှားကြီးမှားပါတော့သည်။ ဖြစ်ပုံကတော့ မပြောပါနဲ့တော့ ပရိတ်သတ်ကြီးရယ်။ မောင်ထက်ခိုင် သူမအတွက် လက်ကိုင်အိတ်ကလေးတစ်လုံး ဝယ်ပြီး လက်ဆောင် ပေးမလို့ပေါ့။ ဒါနဲ့ပဲ သူမရဲ့ အိတ်ပေါင်းစုံကို လိုက်ကြည့်ရပါတော့တယ်။ ဘယ်လိုပုံစံ၊ ဘယ်တံဆိပ်၊ ဘာအမျိုးအစား၊ ဘာအရောင်၊ ဘယ်လောက်၊ မောင်ထက်ခိုင် ခေါင်းတွေ မူးနောက်သွားပါတယ်။ ဈေးကြီးကြီးပေးရင် အိတ်ကောင်းကောင်းရမယ် ဆိုသော မောင်ထက်ခိုင် လက်မှိုင်ချရပြီပေါ့။ အိတ်လှတိုင်းလည်း ဈေးမကြီးပါ။ အိတ်သေးတိုင်းလည်း ဈေးမပေါပါ။ တံဆိပ်ကလည်း စကားပြောပါသေးတယ်။ သူမ ကြိုက်တတ်သော အရောင်ကိုလည်း ရွေးရပါဦးမယ်။ အရောင်ဆိုလို့ ပြောရပါအုန်းမယ်။ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲလေ ဒီနိုင်ငံမှာ ရာသီကိုလိုက်ပြီး အရောင်ရွေးကြတာမဟုတ်လား။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ။ အရောင်တွေမျိုးစုံကို သူ့ရာသီနဲ့ သူ့အရောင် ဝတ်ရပါတယ်။ အဝတ်အစားပြောင်းသလို အိတ်လည်း ပြောင်းရပါသေးတယ်။ အလွန်အလုပ်ရှုပ်သော၊ ခေါင်းစားသော အရောင်ရွေးချယ်ရေးပါ။ သူမကတော့ အရောင်ရွေးရတာကို သဘောကျပါသတဲ့။ ပျော်ဖို့တောင်ကောင်းသေးဆိုပဲ။ သူမဆီမှာ အိတ်ရောင်စုံရှိနေတော့ မောင်ထက်ခိုင် ဗျာများရပြီပေါ့။ သူမမှာ မရှိသေးသောအရောင်ကို ပေးချင်တာကိုး။ ဒါမှလဲ မောင်ထက်ခိုင် အမှတ်ကောင်းကောင်းရမှာပေါ့။ ဒီလိုနဲ့ မောင်ထက်ခိုင်တစ်ယောက် မောလ်ဆိုသော ကုန်တိုက်ဈေးကြီးကို ရောက်ပြီးသကာလ လက်ကိုင်အိတ်ဆိုင်တွေကို လျှောက်ငေးမိပါတော့တယ်။ လျှောက်ရွေးတယ်လို့ ပြောတာပါ။ ဘုမသိဘမသိနဲ့ တောင်ကြည့်မြောက်ကြည့်ပေါ့။ ဒီပါတ်မန့်စတိုးကြီးတွေကလည်း ဟီးနေတာပါပဲ။ အရောင်းစာရေး၊အရောင်းစာရေးမလေးများကလည်း ပျူပျူငှါငှါနဲ့ပေါ့။ အစ်ကိုကြီး ဘာရှာသလဲ။ ဘာကူညီရမလဲ။ မောင်ထက်ခိုင်လည်း သဘောကောင်းပုံရတဲ့ အရောင်းစာရေးမချောချောလေးကို ချဉ်းကပ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ ပိုက်ဆံအိတ် ဆက်ရှင်မှာ သူက တာဝန်ကျတာကိုး။ မောင်ထက်ခိုင်လည်း ဟိုင်း ဟောင်းအာယူပေါ့။ လေပေးလေးလည်း ဖြောင့်သွားရော မောင်ထက်ခိုင်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ပိုက်ဆံအိတ်လှလှလေး ဝယ်ချင်ကြောင်း၊ ခေတ်စားနေတဲ့ ဒီဇိုင်းနဲ့ အရောင်လေးလည်း ရှာပေးဖို့အကြောင်း။ တံဆိပ်တွေ အကြောင်းလဲ သိပ်နားမလည်ပါဘူး။ ဒီမှာတင် မောင်ထက်ခိုင်ရဲ့ အယူအဆကို ရှင်းပြလိုက်ပါတယ်။ ဈေးကြီးရင်ကောင်းသည်ပေါ့ခင်ဗျာ။ အရောင်းစာရေးမလေးကလည်း ထောက်ခံပါတယ်။ မှန်တာပေါ့။ ဟုတ်တာပေါ့။ သူက ထောက်ခံမှာပေါ့။ ဈေးကြီးကြီးအိတ်ရောင်းရရင် သူ ကော်မရှင်ပိုရမှာကိုး။ ဒီတော့ သူက ဈေးကြီးကြီးတွေပြပါလေရော။ ပထမတော့ မောင်ထက်ခိုင်မရိပ်မိသေးပါ။ အိတ်လေးတွေက တစ်ခုထက် တစ်ခု လှလာတယ်ပေါ့။ လှမှာပေါ့။ ဈေးက ကြီးသထက် ကြီးလာတာလေ။ သူက ပြ၊ မောင်ထက်ခိုင်က ရွေးနဲ့၊ ကောင်တာပေါ်မှာ အိတ်တွေ ပုံလာပါပြီ။ မောင်ထက်ခိုင်လည်း အားနာနာနဲ့ ရပ်သင့်ပြီပေါ့။ ပြပြီးတဲ့ အပုံထဲက တစ်အိတ်ကို ကောက်ကြည့်လိုက်ပါတယ်။ မြတ်စွာဘုရား။ ဈေးက ခေါင်ခိုက်နေပါလား။ ဘာအိတ်မို့လို့လဲ။ ဂူချီ တဲ့ခင်ဗျာ။ ဒီဆိုင်မှာ ဂူချီအိတ်ပဲ ရောင်းပါသတဲ့။ ကောင်းရော။ မောင်ထက်ခိုင်တစ်ယောက် တောသားမြို့ရောက် လူလည်လုပ်ပြီး ဝင်လိုက်တဲ့ဆိုင်က ဂူချီ ဆိုင်တဲ့ ခင်ဗျာ။ အဲဒါမှ ခက်ပြီ။ ပြန်ထွက်ရလည်း အခက်။ ပြထားတဲ့ အိတ်တွေကို တစ်အိတ်မှ မကြိုက်ဘူး ငြင်းရလည်း အခက်။ ကျဉ်းထဲကျပ်ထဲ။ ရှက်ကလည်း ရှက်။ အားနာတာက တစ်ဖက်။ အရောင်းစာရေးမချောချောလေး ရှေ့မှာ ချွေးဒီးဒီးကျချင်စရာပေါ့။ သူကတော့ ထင်တော့မှာပဲ။ ဒီလူ ဝယ်လည်းမဝယ်ဘဲ ဟိုကြည့်ဒီကြည့်နဲ့။ ချွေးတွေလည်း ပြန်လို့။ မောင်ထက်ခိုင်ဘက်က ကြည့်တော့လည်း သူ့ဟာသူ ရောင်းချင်လို့ ပြတာ။ ဘယ်တတ်နိုင်မလဲပေါ့။ နောက်ဆုံးမှာတော့ မောင်ထက်ခိုင် စိတ်လျှော့လိုက်ပါတယ်။ ဖြစ်ချင်တာ ဖြစ်။ သူအထင်သေးတာတော့ မခံနိုင်ပါ။ အားနာတာလည်း ပါတာပေါ့။ နောက်မှ ကြည့်ရှင်းမယ်ဆိုပြီး ပြထားတဲ့အထဲက အကြိုက်ဆုံး အိတ်တစ်လုံးကို မျက်စိမှိတ်ပြီး ဝယ်လိုက်ပါတော့တယ်။ မဝယ်လို့လည်း မဖြစ်တော့။ ဟိုအိတ်ကိုင်လိုက် သက်ပြင်းချလိုက်၊ ဒီအိတ်ကိုင်လိုက် သက်ပြင်းချလိုက်နဲ့။ ကောင်မလေးကတော့ ပိုက်ဆံရှင်းပြီးမှပဲ ဟင်းချနိုင်ပါတော့တယ်။ မဟုတ်ရင် သူ ပြန်သိမ်းရမှာတွေက အများကြီးလေ။ မရောင်းလိုက်ရရင် အချိန်ကုန် လူပင်ပန်းနဲ့ မောင်ထက်ခိုင်ကို ကျိန်ဆဲမလား မသိပါ။ အခုတော့ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာအားပေးပါနော်။ အပြုံးလေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ ကောင်းသောနေ့ဖြစ်ပါစေ လို့တောင် ဆုတောင်းပေးလိုက်ပါသေးတယ်။ မောင်ထက်ခိုင်တစ်ယောက်တော့ မအီမလည်နဲ့ ဆိုင်ထဲက ထွက်လာပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်တော့မှ ဂူချီ ဆိုတဲ့ စာလုံးကြီးက ပြုံးပြလိုက်ပါတယ်။ မအူမလည် မောင်ထက်ခိုင်ပါ။ ဘာပဲဖြစ်ဖြစ်ပါ။ သူမ ပျော်ရွှင်သွားတာကို ကြည့်ပြီး ဖြစ်ရတဲ့ ပီတိကတော့ ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူးလေ။ သူမကို ဂူချီအိတ် ဘယ်လို လက်ဆောင်ပေးတယ်ဆိုတာ နောက်ထပ် ပို့စ်တစ်ခုရေးပြီး ပရိတ်သတ်ကြီးကို ပြောပြပါဦးမယ်။ အခုကတော့ ရယ်စရာ အဖြစ်အပျက်အနေနဲ့ အရင် ပြောပြတာပါ။ ကြွားတာ မဟုတ်ပါခင်ဗျား။

No comments:

Post a Comment

Note: Only a member of this blog may post a comment.