Saturday, September 3, 2011

အနီရင့်ရင့် အစိမ်းခါးခါး

အနီရင့်ရင့် အစိမ်းခါးခါး


မချစ် မမုန်း မဆုံးပင်လယ် ဘယ်ဆီ ဘယ်ဝယ် မျော်ခါတမ်းတ မှန်းဆလို့ ကွဲ။
ချစ်ချင်လည်း မင်း မုန်းချင်လည်း မင်း။ အရာရာ မင်းပါ မေ။
အသည်းနှလုံးတွေ ကြေပြုန်းပြုတ်ကျ မြေခသွားပေမယ့် ရင်ဘတ်ကြီးက မင်းကို နေရာ ပေးထားဆဲပါ။
ခံနိုင်သူ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မယ်။ လုပ်ရက်သူ မင်းကိုတော့ အစွမ်းကုန် ကြည်ဖြူပါ၏။
ပြုံးသူပြုံး ရယ်သူရယ် ရှုံးသူရှုံး ဝယ်သူဝယ် နှလုံးသား ဈေးကွက်မှာ တံခါးဖွင့်စီးပွါးရေးစနစ် ကျင့်သုံးတာ ကိုယ်ပါ အချစ်ရယ်။
မင်းသနားလည်း အလကားပါပဲ။ မခံနိုင်တော့တဲ့ တစ်နေ့ နှလုံးသားကို မြေမြုပ် ဂူသွင်းလိုက်မယ်။ နှလုံးသွေး တစ်စက်စက်နဲ့။
ရဲရင့်ခြင်းပေါ့ဗျာ။ နှလုံးသွေးနဲ့ စက်ပြီး ရေးရတော့လည်း ရဲရဲနီရပြီပေါ့။
အစိမ်းခါးခါးတွေ အလှည့်ကျတဲ့ ညကျရင်တော့ အစိမ်းရောင်တွေ ရင်ဘတ်ထဲ စီးမြောနေတာ မြင်ရမှာပါ။
ရောင်းရန်ရှိသည် လို့ ဆိုင်းဘုတ်ချိတ်လိုက်မယ်။ သတိတော့ ထားပါ။ ပြုတ်ကျ ပျက်စီးသွားရင် တန်ဖိုးအတိုင်း ပေးလျော်ရမည်။
မစိုးရိမ်ပါနဲ့။ ရေစိုလည်း မပျက်စီးပါဘူး။ ကြိုက်သလိုလုပ်ပါ။ မုန်းတော့ မမုန်းနဲ့။ သေသွားလိမ့်မယ် သခင်ရယ်။
မင်း ခွဲယူသွားလို့ အခုတော့ ငါမှာ ဆယ်ပြားလိုနေပြီ။ ကျပ်မပြည့်တဲ့ နှလုံးသားကို ချိန်ခွင်ပေါ် တင်ကြည့်တော့ အချိန်စီးသမှ ဇောက်ထိုးကို ဖြစ်ရော။
မဆပ်နဲ့တော့။ မဆပ်နဲ့တော့။ ကဗျာလဆန်းတစ်ရက်ကို ယုံလို့ ပုံလိုက်တာ အချစ်အကြွေးတစ်ပုံတစ်ပင်နဲ့။ ပြန်လာမယ့်ရက်ကို လက်ချိုးရေနေပါတယ်။
မှတ်တိုင်မှာ ထိုင်စောင့်နေပေမယ့် မရပ်ဘဲ ဆက်သွားတဲ့ ဘတ်စကားလို မင်းက အခုတော့ ဘိုင်ပတ်စ သွားပြီပေါ့။ တာ့တာပါ မိန်းကလေး။ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့။



ဟိုးအဝေး
စက်တင်ဘာ ၃ရက် ၂၀၁၁

No comments:

Post a Comment

Note: Only a member of this blog may post a comment.