Wednesday, November 26, 2008

အယ်စီဒီတီဗီတစ်လုံးဝယ်ယူခြင်း

မောင်ထက်ခိုင် မနေ့က အယ်စီဒီတီဗီတစ်လုံးဝယ်ပါတယ်။ မောင်ထက်ခိုင် မိဘများအတွက် ဟောလီးဒေးလက်ဆောင်ပေါ့။ ခရစ်စမတ်နဲ့ ကျေးဇူးတော်နေ့ အတွက်ပါ။ ဘလက်သောကြာနေ့ကိုတော့ မစောင့်တော့ပါ။ ထိုနေ့မှာ ဆိုင်တိုင်း လူအရမ်းများပါတယ်။ တိုးတိုးကြိတ်ကြိတ်နဲ့ ဘာမှလည်း အေးအေးဆေးဆေး ဝယ်လို့မရပါ။ ဆိုင်တွေကလည်း ဟိုပစ္စည်းနဲနဲ ဒီပစ္စည်းနဲနဲ ရောင်းချင်ယောင်ဆောင်တတ်ပါတယ်။ တကယ်တော့ ဒီဈေးနဲ့ ဒီပစ္စည်းတွေကို အများကြီးမရောင်းနိုင်ပါ။ လူတွေလာအောင် ဆွယ်တာပါ။ လူတွေကလည်း အလုအယက်နဲ့။ ဆိုင်ကိုလာတဲ့လူတိုင်းကတော့ ပစ္စည်းတစ်ခုခုလောက်တော့ ဝယ်ဖြစ်သွားကြပါသည်။ မားကက်တင်းပေါ့ခင်ဗျာ။ ဈေးတွေလည်း လျှော့တယ်လို့ ပြောပေမယ့် ပုံမှန်ဈေးနဲ့ မကွာလှပါ။ ပုံမှန်ဈေးကိုမသိသူတွေအတွက်တော့ ဟုတ်သလိုလိုရှိပါတယ်။ ဒီပစ္စည်းဘယ်လောက်တန်သလဲ သိသူတွေအတွက်တော့ သိပ်မထူးခြားပါ။ မောင်ထက်ခိုင် တီဗီအကြောင်းကို ဆက်ပါအုန်းမယ်။ ပထမတော့ မောင်ထက်ခိုင်လည်း မသိပါ။ မောင်ထက်ခိုင်ရုံးမှ ဗီယက်နမ်ကောင်မလေးတစ်ယောက်က ပြောပါသည်။ သူ့ကောင်လေးက သူ့အတွက် တီဗီဝယ်ပေးကြောင်း။ အရမ်းတန်ကြောင်းပေါ့။ ဒါနဲ့ မောင်ထက်ခိုင်တစ်ယောက်လည်း ရောဂါထပါတော့တယ်။ အယ်စီဒီတီဗီအကြောင်း စုံစမ်းပါတော့သည်။ ဘယ်ဈေးဆိုရင်တန်လဲ။ ဘယ်တံဆိပ် ကောင်းလဲပေါ့နော်။ မဝယ်ခင် သိထားတော့ကောင်းတာပေါ့။ အွန်လိုင်းက ရီဗျူးများကိုလည်း ဖတ်ရပါသေးတယ်။ သူငယ်ချင်းတစ်ယောက်ကိုလည်းမေးရပါသည်။ သူက အီလက်ထရောနစ်ပစ္စည်းဝယ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ ပလေးစတေရှင်၃ ဝယ်တုန်းကလည်း သူ့ကိုတိုင်ပင်ခဲ့ရပါသည်။ ဒီလိုနဲ့ ဆိုင်လည်းရွေးပြီး တီဗီသွားဝယ်ပါတယ်။ မသွားခင် ဖုန်းဆက်လိုက်ပါသေးတယ်။ ဆိုင်မှာ တီဗီရှိသေးရဲ့လား။ ဘယ်နှလုံး ကျန်သေးလဲ။ ရှိသေးရင် ဟိုးလုပ်ထားပါလို့ ပြောတော့ ဆေးလ်ပစ္စည်းတွေကို မဟိုးပါတဲ့ခင်ဗျာ။ အေးလေ။ မဟိုးဘူးဆိုတော့လည်း မြန်မြန်သွားဝယ်ရပါသည်။ ဆိုင်မှာက တစ်လုံးသာ ကျန်ပါတော့သည်။ တော်သေး၏ပေါ့။ ဒါမှမဟုတ်ရင် ဒစ်ပလေးကို ဝယ်နေရပါအုန်းမည်။ ဒီနေရာမှာ ရယ်စရာလေးတစ်ခု ဖြစ်လာပါတယ်။ အရောင်းစာရေးက ဝရန်တီ အတင်းရောင်းပါတော့တယ်။ အမှန်က စက်ရုံက တစ်နှစ်စာ ဝရန်တီ ပါပြီးသားပါ။ သူတို့ဆိုင်က ဝရန်တီကို အတင်းရောင်းနေတာပါ။ သူတို့ဝရန်တီကလည်းတစ်နှစ်ပါပဲ။ သူတို့ဝရန်တီကို နည်းနည်းရှင်းပြပါမယ်။ ဆိုင်ဝရန်တီကို ဝယ်ထားရင် တီဗီ ဘာဖြစ်ဖြစ် အလကားပြင်ပေးပါမည်။ ပြင်လို့မရတော့ရင် အသစ်လဲပေးပါမည်။ စက်ရုံဝရန်တီက စက်ရုံကို ပြန်ပို့ပေးမှ စက်ရုံက ပြင်ပေးမှာပါ။ ပို့ခကို ကိုယ့်ဟာကိုယ်ပေးရမှာပါ။ စက်ရုံက ပြင်ပြီးရင် ကိုယ့်ဆီကို ပြန်ပို့ပေးပါမည်။ အပြန်အလှန်ပို့တာ လမ်းခရီးမှာ တစ်လလောက်ကြာပါမယ်။ ဆိုင်ဝရန်တီကတော့ ပျက်တာနဲ့ ဆိုင်ကိုယူသွားရုံပါပဲ။ သူတို့ဟာသူတို့ ကြည့်ရှင်းပါလိမ့်မယ်။ ခေါင်းမရှုပ်ဘူးပေါ့။ အိုင်ဒီယာလေးကတော့ ကောင်းပါသည်။ မောင်ထက်ခိုင်ကလည်း သဘောကျပါသည်။ ဒါပေသိ ဆိုင်ဝရန်တီကော စက်ရုံဝရန်တီပါ တချိန်တည်းတပြိုင်တည်း ရှိနေပါမည်။ မောင်ထက်ခိုင်က မေးပါသည်။ စက်ရုံဝရန်တီတစ်နှစ်ပြီးမှ ဆိုင်ဝရန်တီနောက်တစ်နှစ် ဝယ်လို့မရဘူးလား။ ဝရန်တီနှစ်နှစ်ရတော့ ပိုမကောင်းပေဘူးလား။ ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပေါ့။ ဒီလိုတော့ မရပါ။ ဆိုင်က လူလည်တွေပဲ။ တစ်နှစ်အတွင်း တီဗီပျက်လို့ ဆိုင်ဝရန်တီရှိလို့ ဆိုင်ကိုယူလာရင် သူတို့က စက်ရုံဝရန်တီကို အရင်လက်ညိုးထိုးပါလိမ့်မည်။ စက်ရုံဝရန်တီနဲ့ အရင်ရှင်းလို့ ပြောပါလိမ့်မည်။ မရမှ သူတို့ဆီ ယူလာဖို့ ပြောပါလိမ့်မည်။ ဆိုင်က တစ်နှစ်စာ ဝရန်တီဖိုး အချောင် လိုချင်တာပါ။ ဆိုင်ဝရန်တီနဲ့ စက်ရုံဝရန်တီက တပြိုင်တည်းဆိုတော့ အချောင်ခိုချင်တာပါ။ ရိုက်စားပေါ့ခင်ဗျာ။ မောင်ထက်ခိုင်ကို ဒီလိုလုပ်လို့ဘယ်ရလိမ့်မလဲ။ မောင်ထက်ခိုင် လူလည်ပါ။ မောင်ထက်ခိုင် ဆိုင်ဝရန်တီမလိုချင်ကြောင်း ငြင်းသည်ပေါ့။ ဒီတော့ အရောင်းစာရေးက ဥပမာလေးတစ်ခုပေးပါတယ်။ သူ့အမေ တီဗီဝယ်ပါသတဲ့။ သုံးလလောက်မှာ ပျက်ပါသတဲ့။ ဆိုင်ဝရန်တီရှိလို့ စိတ်မပူရပါဘူးတဲ့။ ဆိုင်က ချက်ချင်း အသစ်လဲပေးပါသတဲ့။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။ မောင်ထက်ခိုင် တစ်ခုပဲ ပြန်မေးလိုက်ပါတယ်။ ဒါဆိုရင် ဒီဆိုင်ကတီဗီတွေက ခဏလေးနဲ့ ပျက်တတ်ပါသလား။ အရောင်းစာရေးလေး မျက်နှာပျက်သွားပါတယ်။ သူ့စကားနဲ့သူဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။ မောင်ထက်ခိုင် ကြိတ်ပြုံးလိုက်ပါတယ်။ ပြောပြီးပါပကော။ မောင်ထက်ခိုင်ကို ဒီလိုလာစမ်းလို့ ဘယ်ရမှာလဲ။ နောက်ဆုံးတော့ မောင်ထက်ခိုင် အောင်မြင်စွာနဲ့ ဆိုင်ဝရန်တီကို မဝယ်ဘဲ တီဗီကိုသာ ဝယ်လာခဲ့ပါတယ်။ စက်ရုံဝရန်တီရှိတာပဲ ဘာဖြစ်လဲ။ တီဗီကလည်း တစ်နှစ်သာသုံးမှာပါ။ မော်ဒယ်အောက်သွားရင် အသစ်လဲမှာပါ။ ဟဲဟဲ။ ဒါကတော့ မောင်ထက်ခိုင် တီဗီဝယ်ရင်း ကြုံခဲ့တာလေးပါ။ သူတို့ကိုလည်း အပြစ်မပြောလိုပါ။ စီးပွါးရေးဆိုတော့ ဒီလိုပဲဖြစ်ရမှာပေါ့။ ကိုယ်ကလည်းတွက်ရပါမယ်။ ဆိုင်ဝရန်တီကိစ္စကတော့ အီလက်ထရောနစ်ပစ္စည်းရောင်းတဲ့ဆိုင်တိုင်း လုပ်စားနေသော ရိုက်ကွက်လေးပါ။ ပရိတ်သတ်ကြီးလည်း သိအောင်ပြောပြတာပါ။ အားလုံးပဲ ပျော်ရွှင်သော ကျေးဇူးတော်နေ့ ဖြစ်ပါစေ။ မိသားစုအားလုံးနဲ့အတူတူ ရှိနိုင်ကြပါစေ။ မောင်ထက်ခိုင်ကတော့ မိဘတွေနဲ့အတူ ကျေးဇူးတော်နေ့ကို ဖြတ်သန်းသွားမှာပါ။ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးနဲ့ပေါ့ခင်ဗျာ။ အားလုံးပဲ ပျော်ရွှင်အေးချမ်းကြပါစေ။

Monday, November 24, 2008

ဟိုတွေးဒီတွေး(၄)

မောင်ထက်ခိုင် သူငယ်ချင်းများကို ယေဘူယျအားဖြင့် လေးမျိုးခွဲထားပါတယ်။ လယ်ဗယ်လေးခုပေါ့နော်။ လယ်ဗယ်အေကတော့ အခင်ဆုံးသူငယ်ချင်းများပေါ့။ ဘီကတော့ ပုံမှန်ခင်တဲ့ သူငယ်ချင်းပေါ့။ စီကတော့ တခါတလေမှ တွေ့တတ်တဲ့ သူငယ်ချင်းပေါ့။ လယ်ဗယ်ဒီကတော့ အေ၊ဘီ၊စီ တို့ရဲ့ သူငယ်ချင်းပေါ့နော်။ တဆင့်ခင်တဲ့ သူငယ်ချင်းကိုပြောတာပါ။ တချို့သူငယ်ချင်းတွေက လယ်ဗယ်အပြောင်းအလဲရှိပါတယ်။ လယ်ဗယ်အေတွေကတော့ အပြောင်းအလဲမရှိပါဘူး။ အထူးသဖြင့် လယ်ဗယ်ဘီနဲ့စီက အပြောင်းအလဲ အများဆုံးပါ။ လယ်ဗယ်ဒီကလည်း သိပ်တော့မထူးပါ။ မေးထူးခေါ်ပြောလောက်သာ။ အခုပြောချင်တာကတော့ စီနှစ်ယောက် အကြောင်းပါ။ အဲဒီအချိန်တုန်းကတော့ ဘီတွေပေါ့နော်။ ထားပါတော့။ ဝမ်းနဲ့တူးလို့ ခေါ်ကြပါစို့။ ဝမ်းက ကောင်လေးပါ။ တူးက ကောင်မလေးပါ။ ကောင်မလေးသူငယ်ချင်းတွေ အများကြီးရှိတဲ့ ကောင်မလေးပါ။ လူချစ်လူခင်လည်း ပေါပါတယ်။ မောင်ထက်ခိုင်လည်း ခင်ပါသည်။ ခင်မှာပေါ့။ သူ့မှာ ကောင်မလေးသူငယ်ချင်းချောချောလေးတွေ ရှိသည်ကိုး။ တိုတိုပဲပြောရရင် တူးသူငယ်ချင်းကောင်မလေးတွေကို မောင်ထက်ခိုင်တို့သူငယ်ချင်းတစ်စု ကြောင်ကြသည်ပေါ့ခင်ဗျာ။ ဝမ်းကတော့တော်တော်ကဲပါတယ်။ ကောင်မလေး တစ်ဖွဲ့လုံးကို ပတ်ကြောင်ပါတယ်။ ဘယ်သူမှလည်း ဝမ်းကို ဟုတ်တိပတ်တိ ပြန်မကြိုက်ပါ။ ဘယ်မှာလာကြိုက်ပါ့မလဲ။ ဟိုကောင်မလေးလိုလို ဒီကောင်မလေးလိုလိုဆိုတော့ ဘယ်ကောင်မလေးမှ မရလိုက်ပါ။ ကောင်မလေးတွေဆိုတာက သူတို့ကို သတ်သတ်မှတ်မှတ်ကြိုက်မှ ပြန်ကြိုက်မှာပါ။ မောင်ထက်ခိုင်ထင်တာပေါ့နော်။ မှားရင်လည်းမှားမှာပေါ့လေ။ ဝမ်းအကြောင်းပြန်ဆက်ရအောင်ပါ။ ဘယ်ကောင်မလေးမှ ပြန်မကြိုက်ပေမယ့် ဝမ်းကတော့ မလျှော့သေးပါ။ တူးကို ပိုးပြန်ပါတယ်။ ဝမ်းက တူးကို စိတ်သဘောထား အလွန်ဖြူစင်သူလေးလို့ တင်စားပါတယ်။ ဝမ်းဘယ်လိုပြောပြော တူးကလည်း အရေးတယူမရှိပါ။ ဝမ်းကတော့ သူ့ကိုယ်သူ အဟုတ်ကြီးထင်နေရှာပါသည်။ ဒီလိုနဲ့ တူးတစ်ယောက် နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ဖြစ်လာပါတယ်။ ဝမ်းတစ်ယောက် ရောဂါတက်ပါတော့တယ်။ တူးကို ခရီးမသွားခင် အမှတ်တရ လက်ဆောင်ပေးချင်ပါသည်တဲ့။ သူ့ဟာသူ ပေးချင်တာ ဘယ်သူမှ မတားပါ။ သူ့အကြံက သူငယ်ချင်းအားလုံးဆီက ပိုက်ဆံစုပြီး ဝယ်ပေးဖို့ပါ။ ဝယ်ပြီးရင် သူပေးသလို ဘာလိုလိုလုပ်ချင်တာပါ။ ဒီလိုနဲ့ သူငယ်ချင်းအားလုံးကို ပိုက်ဆံကောက်ပါတယ်။ အားလုံးရှေ့မှာဆိုတော့ လူတိုင်းက မငြင်းကြပါ။ ကိုယ်မထည့်ရင် ကပ်စေးနဲတယ် အထင်ခံရမည်စိုးတာပေါ့နော်။ အိုင်ပေါ့တစ်လုံးဝယ်ပြီး လက်ဆောင်ပေးပါတယ်။ နှစ်ရာ့ငါးဆယ်တန် ဆိုတော့ သူငယ်ချင်းတစ်ယောက်ကို လေးဆယ်လောက် ထည့်ရပါတယ်။ မောင်ထက်ခိုင်တို့ ကောင်လေးအုပ်စုပဲ ကွက်ပြီး ကောက်တာဆိုတော့ တစ်ယောက်ချင်းအနေနဲ့ များသွားတာပေါ့။ ထားပါတော့။ တကယ်ပေးတဲ့ အချိန်ကျတော့ အားလုံးရှေ့မှာ မပေးဘဲ ဝမ်းတစ်ယောက် သူ့ဟာသူ ကြိတ်ပေးလိုက်ပါတယ်။ သူပေးသလိုလို ဘာလိုလိုနဲ့။ ဒီကိစ္စဖြစ်ခဲ့တာ သုံးနှစ်လောက်ကြာပါပြီ။ မောင်ထက်ခိုင်တွေးမိတိုင်း ရယ်စရာတစ်ခု အဖြစ် သတိရနေဆဲပါ။ မကျေနပ်တာတော့ မဟုတ်ပါဘူး။ ဝမ်းလုပ်သွားပုံလေးက သင်းလို့ပါ။ သူကြီးဘုရား ရွာသားကောင်းမှုပေါ့ခင်ဗျာ။ မောင်ထက်ခိုင် တခြားသူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်းပြုံးမိပါသတဲ့။ ဒီလိုဖြစ်ခဲ့ပြီးတဲ့နောက် မောင်ထက်ခိုင်လည်း မေ့မေ့ပျောက်ပျောက်နေရင်းက တူးတစ်ယောက် အိမ်ခဏပြန်လာပါတယ်။ ဟောလီးဒေးပေါ့။ ဝမ်းကတော့ ပျော်ရွှင်နေပါတယ်။ ဒီတခါလည်း အရင်အတိုင်းပါပဲ။ မပြောင်းလဲပါဘူး။ တူးသူငယ်ချင်းအသစ်ကောင်မလေးတွေကို ဝမ်းကြောင်ပြန်ပါရော။ မရနိုင်တော့ တူးဘက်လှည့်လာပြန်ပါတယ်။ ဒီတခါ တူးပြန်ရင် ဒစ်ဂျစ်တယ်ကင်မရာဝယ်ပြီး လက်ဆောင်ပေးချင်ပြန်ပါသတဲ့။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သော မောင်ထက်ခိုင်တို့ကတော့ သဘောမတူတော့ပါ။ ကိုယ့်ဟာကိုယ်တာဝန်ယူပေတော့။ ဒီနေ့အထိ မောင်ထက်ခိုင်တို့ သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ကြီးဖြစ်ကျန်ခဲ့ပါတယ်။ မောင်ထက်ခိုင်ရဲ့ လယ်ဗယ်ခွဲထားသော သူငယ်ချင်းများ အကြောင်းပါ။ သူငယ်ချင်းအကြောင်းပြောချင်တာက နည်းနည်း။ အတင်းပြောချင်တာက များများ။

Friday, November 21, 2008

အေးအေးချမ်းချမ်း

အေးအေးချမ်းချမ်း

အေးလှချည့်ရဲ့
ဆွေးမြကြည်လဲ့
လေးနှမ ပြီတဲ့
အေးမြရာသီ

မြောက်လေဆော်နှင်း
ပျောက်စေ ဖော်တသင်း
ငေါက်သော အပျင်း
ထတော့ မောင်မင်း။ ။

စနေသီဟ

ဟိုတွေးဒီတွေး(၃)

မောင်ထက်ခိုင်သည် ဉာဏ်မကောင်းပါ။ သူများတွေ တစ်နာရီနဲ့ ကျက်၍ပြီးသော အိမ်စာကို မောင်ထက်ခိုင် နှစ်နာရီ ကျက်ရပါသည်။ သူများတွေ တစ်နာရီနဲ့ တွက်၍ပြီးသော အိမ်စာကို မောင်ထက်ခိုင် နှစ်နာရီ တွက်ရပါသည်။ ကြိုးကြိုးစားစား အားထုတ်ရပါသည်။ တခါတလေတော့လည်း တွေးမိပါသည်။ ဟုတ်ပါတယ်။ မောင်ထက်ခိုင်တစ်ယောက် တွေးမိတွေးရာတွေ ရေးပြန်ပါပြီ။ ရှေးလူကြီးတွေက ပြောပါသည်။ လူချင်းတူပေမယ့် ကံချင်းယှဉ်၍ မရ။ ကံချင်းတူပေမယ့် ဉာဏ်ချင်း ယှဉ်လို့မရ။ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးလုံး ညီမှ တိုးတက်အောင်မြင်ပါသည်။ ကံ နှင့် ဉာဏ်ကို ပြုပြင်၍ မရနိုင်ပါ။ ဝီရိယသာလျင် ကြိုးစားသလောက် ခရီးပေါက်ပါသည်။ ဒီနေရာမှာ ပြောချင်တာက ဝီရိယ အကြောင်းပါ။ မောင်ထက်ခိုင် ဝီရိယ ကောင်းပါသည်။ မောင်ထက်ခိုင်ကလေး ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတစ်ခု ပြောပြပါမည်။ မောင်ထက်ခိုင် နှစ်တန်းကျောင်းသားအရွယ်ကဖြစ်ပါသည်။ တော်တော် ငယ်ပါသေးသည်။ ဆရာမက အိမ်စာပေးလိုက်ပါတယ်။ စာကျက်ခဲ့ပေါ့နော်။ စာမရရင် ရိုက်မည်ဟုလည်း ခြောက်လိုက်ပါသေးတယ်။ မောင်ထက်ခိုင် ဘာလုပ်သည် ထင်ပါသနည်း။ စာကျက်တာပေါ့ခင်ဗျာ။ ဒါဆို စာကျက်တာ ဘာဆန်းသေးလဲ။ ဟုတ်ကဲ့။ မောင်ထက်ခိုင် မနက် ခြောက်နာရီထပြီး စာကျက်ပါသည်။ ကျောင်းသားငယ်လေးတစ်ယောက်အတွက် ဒီလောက်ကြိုးစားစရာမလိုသေးပါ။ ကျောင်းချိန်က ဆယ့်နှစ်နာရီမှ တက်ရမည်ကို အစိုးရိမ်လွန်ပြီး စာထကျက်ခြင်း ဖြစ်ပါသည်။ အများသူငှါ အိပ်လို့ကောင်းတုန်း မောင်ထက်ခိုင်ကြိုးစားနေပါသည်။ တောက်မည့်မီးခဲ တရဲရဲပေါ့ခင်ဗျာ။ ထုံးစံအတိုင်း မောင်ထက်ခိုင် အစတော့ တော်တော်ကောင်းပါသည်။ ငယ်ငယ်လေးထဲက ဒီအကျင့်စွဲလာခဲ့ပါသည်။ ဒီလိုနဲ့ မောင်ထက်ခိုင်မှာ စိုးရိမ်တတ်သောစိတ် ကြီးထွားလာခဲ့ပါတယ်။ စာကျက်လို့မပြီးမှာ စိုးရိမ်သည်။ အချိန်မီ မရောက်မှာစိုးရိမ်သည်။ နောက်ကျမှာ စိုးရိမ်သည်။ ဘယ်အရာဖြစ်ဖြစ် လွန်ကဲလာလျင် မကောင်းပါခင်ဗျား။ စိုးရိမ်လွန်တော့ ဘာဖြစ်တတ်ပါသလဲ။ စိတ်ဖိစီးမှုများတာပေါ့ခင်ဗျာ။ အမြဲတမ်း ပူပန်နေရတာပေါ့ခင်ဗျာ။ ကျောင်းစာအတွက်ပူပြီးတော့ ဘာအတွက် ပူသေးသလဲ။ အချိန်အတွက်ပူရပြန်ပါတယ်။ ကိုယ့်ဟာကိုယ်လည်း ဆုံးမပါသေးတယ်။ မရပါဘူး။ စိုးရိမ်တတ်တာက အရိုးစွဲနေပါပြီ။ မောင်ထက်ခိုင် နောက်ကျမှာ အရမ်းကြောက်တတ်ပါသည်။ ဘယ်သွားသွားဘယ်လာလာ နောက်မကျချင်ပါ။ နောက်ကျရင် သူများနောက်ပါသွားမှာပေါ့ခင်ဗျာ။ ဟားဟား။ ဒီလိုပြောတော့ မောင်ထက်ခိုင်အကြောင်းသိတွေက ရယ်ကြပါလိမ့်မည်။ မောင်ထက်ခိုင်နောက်မကျတတ်တော့ဘူးလားလို့။ စိုးရိမ်တယ်လို့ ပြောတာပဲ။ နောက်မကျဘူးလို့ ပြောခြင်းမဟုတ်ပါခင်ဗျား။ ပြောရင်းဆိုရင်း နောက်တစ်ခု စဉ်းစားမိပြန်ပါပြီ။ မောင်ထက်ခိုင် အတွေးတွေကတော့ တောင်စဉ်ရေမရပါ။ ဆက်ပါအုန်းမည်။ စောင့်နိုင်လေ အကျိုးရှိလေ ဆိုသောစကားကို ကြားဖူးကြပါသလား။ လောကကြီးမှာ စောင့်နိုင်ရင် ပိုကောင်းတာတွေ ရနိုင်တယ်လို့ ပြောတာပါ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ စောင့်နေလို့ ဘာမှဖြစ်မလာပါ။ မောင်ထက်ခိုင် ဉာဏ်မမီတမီနဲ့ ကောက်ချက်ချရရင်ဖြင့် ကြိုးစားနေရင်းစောင့်မှ အကျိုးရှိမှာပါ။ မကြိုးစားရင် စောင့်နေလို့လည်း အလကားပါပဲ။ ကံကောင်းသူများကျတော့ ဘာမှမလုပ်ပဲစောင့်နေရင်း သူ့ဟာသူဖြစ်လာတတ်ပါတယ်။ မောင်ထက်ခိုင်မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အမြဲတမ်း နောက်ကျတတ်ပါတယ်။ တော်တော်ကြီးကို ဆိုးဆိုးရွားရွား နောက်ကျတတ်တာပါ။ သူ့ကိုပေါင်းရသင်းရတာ အလွန်စိတ်ရှည်ရပါတယ်။ သူကကံလည်းကောင်းပါတယ်။ သူ့ဆောင်ပုဒ်က ခပ်အေးအေးသာနေ သူ့ဟာသူဖြစ်လာလိမ့်မည်တဲ့။ အချိန်တန်ရင် နွားပိန်ကန်မှာပေါ့။ သူကတော့ အေးဆေးပါခင်ဗျာ။ ကောင်မလေးနဲ့ ချိန်းထားလည်း နောက်ကျ။ သူငယ်ချင်းနဲ့ ချိန်းထားလည်း နောက်ကျ။ မျိုးကျော့မြိုင်သီချင်းထဲကလိုပါပဲ။ ဘာလုပ်လုပ်နောက်ကျပါတယ်။ သေရေးရှင်ရေးလဲ နောက်ကျပါတယ်။ ဒါပေသိ သူ့ဟာသူတော့ အဆင်ပြေသွားတာချည်းပါပဲ။ ကံကောင်းသူများကျတော့ နေရင်းထိုင်ရင်း ကံကောင်းနေတာပါပဲ။ မောင်ထက်ခိုင်ရဲ့ အတွေးတွေထဲမှာ ဥပမာ မပါပါ။ ဘာကြောင့်ဘာအတွက်ဆိုတာ ရှင်းပြနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သူများအကြောင်းတွေ လျှောက်ပြောနေရင် ကြိုက်လားမသိ၊ မကြိုက်လားမသိ။ အသေးစိတ်တွေလည်း ပြောလို့မရပါ။ ကာယကံရှင်တွေကို မထိခိုက်စေချင်လို့ပါ။ ပညာပေးခိုင်းသော သူငယ်ချင်းက ပြောပါတယ်။ နင့်ကို စကားမပြောတော့ဘူးတဲ့။ ငါပြောတာတွေ နင်လျှောက်ရေးမှာစိုးလို့တဲ့။ မောင်ထက်ခိုင်မှာလည်း သူငယ်ချင်းအကြောင်းပဲ ရေးစရာရှိပါသည်။ သူငယ်ချင်းတွေက မောင်ထက်ခိုင်၏ ဇာတ်ကောင်တွေပေါ့လေ။ စကားပုံတွေလည်း ပါရဲ့။ နောက်ကျတဲ့ အကြောင်းလည်း ပါရဲ့။ ကြော်ငြာဝင်လိုက်ပါအုန်းမယ်။ တစ်ပွဲတိုး မောင်ထက်ခိုင်ကို ပြင်ရေးပါအုန်းမယ်။ မဖတ်မိမှာစိုးလို့ပါ။

Tuesday, November 18, 2008

ကျိန်စာ

ကျိန်စာ

လိမ်ညာရင် ကွဲပါစေ အသည်း
သစ္စာဆိုခဲ့ဖူးတယ်
မုသားဆိုငြား မုန်းသူများစေ
ကိုယ်ချစ်မြင်မိ ရင်ဝယ်ညိလည်း
ချစ်သူ မုန်းလို့ ယူကြုံးမရ

အသစ်ရှာမိ အပြစ်ရှိ၏
ရိုင်းစိုင်းနှိုင်းဆ ရင်နဲ့ဖောက်ခွင်း
ရန်လိုပြင်းစွာ ရေရွတ်မှာ
သူ့မေတ္တာချစ်မှာ နိုင်လိုမင်းထက်
ရက်ရက်စက်စက် အသည်းခွဲခဲ့ဖူးတယ်

မင်းမှမင်း အတင်းချစ်ခိုင်းနေသူ
ငြိုးမာန်ဖွဲ့ တဖက်သတ်များ မစဉ်းစား
ကျိန်စာမှားတိုက် တလှိုက်လှိုက်နှင့်
ဘယ်သောအခါမှ
အချစ်စစ်မတွေ့စေသတည်း။ ။

စနေသီဟ

Thursday, November 13, 2008

ဟိုတွေးဒီတွေး(၂)

မနေ့ညက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပါသည်။ သူငယ်ချင်းဖုန်းဆက်တာ ဘာဆန်းသလဲလို့။ ဟုတ်ကဲ့ မဆန်းပါခင်ဗျာ။ ဆန်းတာက သူဆက်တဲ့အချိန်နဲ့ နေရာပါ။ ကျနော်တို့အချိန် မနက် ၂ နာရီလောက် ရန်ကုန်ကနေဆက်တာပါ။ ညနက်သန်းခေါင် ဖုန်းလာတော့ ဘယ်သူများ ဘာတွေဖြစ်ကုန်ပြီလဲလို့ စိတ်ပူရတာပေါ့ခင်ဗျာ။ အချိန်မတော် ပုံမှန်မဟုတ်တဲ့ ဖုန်းသံကြားရင် သူသူကိုယ်ကိုယ် ထိတ်လန့်သွားတတ်ပါတယ်။ နံပတ်ကို ကြည့်လိုက်တော့ အန်နုန်းနံပါ။ ထိတ်ထိတ်ပျာပျာနဲ့ ဖုန်းကိုင်လိုက်တော့ သူက အေးဆေးပါပဲ။ နေကောင်းလားတဲ့။ အိပ်နေပြီလားတဲ့။ မောင်ထက်ခိုင် အိပ်လို့ကောင်းနေချိန် ဖုန်းလာတော့ ပထမတော့ စိတ်ပူတာပေါ့နော်။ အခုသူက အေးအေးဆေးဆေးဆိုတော့ စိတ်အေးသွားပါတယ်။ အိပ်နေပြီပေါ့။ ဘယ်အချိန်ရှိနေပြီလဲ။ ဒီသူငယ်ချင်းက ရန်ကုန်ပြန်သွားတာမကြာသေးပါ။ သူက ပြန်ရောက်နေပြီဟု ပြောပါသည်။ ရန်ကုန်ပြန်သွားတုန်းက နဲနဲကြာမည်ဆိုပြီး ပြောသွားပါသည်။ သူ့အကြောင်းနဲ့သူပေါ့လေ။ အခုပြန်ရောက်နေပြီဆိုတော့ အံ့ဩသွားပါသည်။ သူက နေ့နဲ့ည မှားနေ၍ အိပ်မရသဖြင့် ဖုန်းဆက်ပါသည်တဲ့။ ကောင်းပါတယ်။ သူအိပ်မရတာနဲ့ မောင်ထက်ခိုင်ကို တန်းပြီး သတိရလိုက်တာပါ။ အေးလေ။ နိုးသွားပြီဆိုတော့လည်း ဆက်ပြောရုံပေါ့။ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေရင်းနဲ့ မယုံလို့ ထပ်မေးမိပါသည်။ တကယ်ပြန်ရောက်နေတာလား။ ဘာအတွက်ကြောင့် အန်နုန်းနံပါ နဲ့ဆက်တာလဲ။ အံမယ် သူက သူ့ဖုန်းနံပတ် သူများသိမှာစိုးလို့တဲ့။ သူနဲ့ မောင်ထက်ခိုင်က သူငယ်ချင်းအရင်းကြီးပါ။ ဒါမျိုးလာလုပ်လို့ ဘယ်ရပါ့မလဲ။ သူ့ဖုန်းနံပတ်က မောင်ထက်ခိုင်ဖုန်း ထဲမှာ ရှိပြီးသားပဲ။ တခုခုတော့ တခုခုပဲ။ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေဆဲပါ။ ဒါနဲ့ပဲ သူ့ဖုန်းကို ပြန်ဆက်မည်ဟု ပြောလိုက်ပါသည်။ ဒီတော့ သူက ဆက်ပေါ့ ဆိုပြီး ဖုန်းချသွားပါသည်။ သူ့ဖုန်းကို ဆက်တော့ ဖုန်းပိတ်ထားပါသည်။ မောင်ထက်ခိုင်တစ်ယောက်တော့ အညာမိပြန်ပြီပေါ့။ ခဏကြာတော့ သူပြန်ဆက်ပါသည်။ ဒီတခါတော့ နံပတ်က ၁၂၃၄ ဆိုပြီး ပေါ်ပါတယ်။ သိလိုက်ပါပြီ။ သူ မောင်ထက်ခိုင်ကို ရန်ကုန်ကနေ လှမ်းကြပ်နေတာပါ။ ရယ်လိုက်တာမှ အူလှိုက်သဲလှိုက်။ မောင်ထက်ခိုင်တစ်ယောက် အီလည်လည်နဲ့ သူဟားတာကို ငုတ်တုတ်ခံရပါတော့တယ်။ သူငယ်ချင်းဆိုတော့လည်း အပြစ်မယူသာဘူးပေါ့ခင်ဗျာ။ မောင်ထက်ခိုင်၏ သူငယ်ချင်းများကတော့ ဒီလိုချစ်ဖို့ကောင်းပါတယ်။ စဖို့နောက်ဖို့ဆိုရင် ထိပ်တန်း။ အယုံလွယ်သူ မောင်ထက်ခိုင် ခဏခဏ ခံရပါတယ်။ ကိုယ့်ဟာကိုယ် အားမနာတမ်း ဝေဖန်ရရင် မောင်ထက်ခိုင် အင်မတန် အယုံလွယ်ပါတယ်။ သူများပြောတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ဆယ်ခါပြောရင် ကိုးခါလောက်တော့ ယုံတတ်ပါတယ်။ မစဉ်းစားတတ်သော မောင်ထက်ခိုင်ပါ။ သူများပြောရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံလိုက်တာပါပဲ။ သူခင်မင်သည့်လူ ပြောသမျှယုံသည်။ ယုံကြည်မိလျင် ဘာကိုမှ မစဉ်းစားတော့ပေ။ ဤအားနည်းချက်ကြီးကား မောင်ထက်ခိုင်ကို ဒုက္ခအပေးဆုံးဖြစ်၏။ မောင်ထက်ခိုင်သည် စိတ်ပျော့သည်။ သနားတတ်သည်။ အားနာတတ်သည်။ ဒီလိုနဲ့ပဲ မောင်ထက်ခိုင်တစ်ယောက် သဘောကောင်းသူတစ်ယောက် ဖြစ်လာပါတော့တယ်။ သဘောကောင်းတော့ လူချစ်လူခင်ပေါတာပေါ့နော်။ ဒါပေသိ လူတိုင်းက အကူအညီတောင်းချင်ကြပါသည်။ မောင်ထက်ခိုင်ကလည်း ကူညီပါတယ်။ သူငယ်ချင်းများကလည်း မြှောက်ပေးရင်း ခိုင်းကြပါတော့တယ်။ ဟိုလူကဆရာကြီးတင်လိုက် ဒီလူကမြှောက်ပေးလိုက်နဲ့ မောင်ထက်ခိုင် ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကြီး စွဲလာပါတယ်။ ဒါကတော့ ကြုံလို့ ပြောပြတာပါ။ ကိုယ်ရည်သွေးတာမဟုတ်ရပါခင်ဗျာ။ သူငယ်ချင်းအကြောင်း ပြန်ဆက်ပါအုန်းမည်။ သူက စကိုက်သုံးပြီး ရန်ကုန်မှဆက်ခြင်း ဖြစ်ပါသည်။ အလွန်သက်သာပါသည်တဲ့။ တစ်မိနစ်ကို ပြားခြောက်ဆယ်သာ ကျပါသည်။ အရမ်းလည်း အံ့ဩမသွားပါနဲ့။ ရန်ကုန်က ဆက်ရင် တစ်မိနစ်ကို ၄ဒေါ်လာကျတဲ့အချိန်မှာ သူက ပြားခြောက်ဆယ်ဆိုပါလား။ မောင်ထက်ခိုင် တော်တော် စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့ အကျိုးအကြောင်းမေးကြည့်တော့ သူက အေးဆေးပါ။ သူ့ရဲ့စကိုက်အကောင့်ကို သူ့ခရက်ဒစ်ကတ်နဲ့ ချိတ်ပြီး ပြောတာပေါ့။ စကိုက်က ခရက်ဒစ်ကတ်ကို ဘီလ်လုပ်ပါတယ်။ သူအတွက်တော့ အဆင်ပြေသည်ပေါ့။ ခရက်ဒစ်ကတ်မရှိသော ရန်ကုန်က လူအများအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ သူက ပြောသေးသည်။ လိုင်းအရမ်းကြည်ပါသည်။ ကြည်မှာပေါ့။ ခရက်ဒစ်ကတ်မျက်နှာရှိသည်ကိုး။ ဒီနေရာမှာပြောချင်တာကတော့ လူတစ်ယောက်အပေါ်ယုံကြည်မှုဆိုတာ တော်တော်အရေးကြီးပါတယ်။ ခရက်ဒစ်မရှိတဲ့လူဟာ ယုံကြည်ခြင်းမခံရပါဘူး။ ခရက်ဒစ်အရေးကြီးပုံကို နောက်မှထပ်ပြောပါမည်။ မောင်ထက်ခိုင်တော့ ထုံးစံအတိုင်း ရောက်တတ်ရာရာတွေ ရေးပြန်ပါပြီ။ စကိုက်အကြောင်းလည်း ပါရဲ့။ သူငယ်ချင်းအကြောင်းလည်းပါရဲ့။ မောင်ထက်ခိုင် သဘောကောင်းတာလည်း ကြွားသေး။ ဘာပဲဖြစ်ဖြစ် သည်းခံပြီး ဖတ်ပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

နုနုငယ်ငယ်

နုနုငယ်ငယ်

မချစ်တော့ဘူး လို့ပေါ့
ကိုယ့်ထက် အသက်ငယ်သူတော့
စကားလေး တီတီတာတာ
အလိုလိုက်ခဲ့ရ အခါခါ
ငိုလိုက်မယ် အတွေးနဲ့
အချိုကြိုက်တဲ့ ကလေးရဲ့
နှလုံးသား ကစားစရာ
ပြုံးရင်းနဲ့ နွားပမာ
စိတ်ကူးယဉ် ဘုရင်မလေး
လှည့်ဖြားလို့ ပစ်ခါပြေး
နောက်တစ်ယောက် ပြောင်းချစ်ရင်ဖြင့်
အမယ်မင်း
အသက်နှစ်ပြန်ကြီးသူကို ရှာနှင့်တော့လေး။ ။

စနေသီဟ

Saturday, November 8, 2008

ဆိုကရေးတီး

အီးမေးလ်ကနေရတာပါ။

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေးတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေးတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေးတီးက "အဲတာ အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေးတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေးတီးက "အဲတာ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေးတီးက မေးတော့ "၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့ ဆိုကရေးတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေးတီးက ပလေတိုကို ပြောခဲ့တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, November 7, 2008

အချစ်ဦး

အချစ်ဦး

မချစ်ဖူးလို့ ရူးတော့မယ်
မမြင်ဖူးတော့ မူးကိုမြစ်ထင်
အပြုံးဖြူဖြူ မြင်တုန်းခဏ
တစ်တောက်တစ်တောက်နဲ့
ချိန်သီးလေးလို နှလုံးသားလေး
ရင်ဝယ်အေးချမ်း မိုးဆမ်းပန်းပမာ
အစမရှိ အဆုံးမရှိ
နိဒါန်းမရှိ နိဂုံးမရှိ
မျက်ဝန်းတလက်လက်
အကြည့်တစ်ချက်
ဒိတ်ခနဲ ဒိတ်ခနဲ
အသည်းတအေးအေး
ကိုယ်နေဟန်ကျော့ စုလည်းရစ်သီ
ချစ်နေပြီမို့
နတ်သမီးပုံသွင် ရူပါလှလှ
ရွှေအဆင်း ခြေရင်းမှာ ဝပ်စင်းလိုက်မယ်
ကလူ၏သို့ မြူ၏သို့။ ။

စနေသီဟ

အချစ်ဆုံးသူငယ်ချင်း

အချစ်ဆုံးသူငယ်ချင်း

နီးရက်နဲ့ဝေး
နှလုံးသားချင်း နားလည်သလိုလို
ဦးနှောက်နဲ့ ဆုံးဖြတ်မယောင်ယောင်
အမိန့်သာချလိုက်ပါ
ဦးလည်မသုံ လိုက်နာမည်
အချိန်တွေ တော်တော်လွန်မှ
မင်းအကြည့်တွေ မင်းမျက်ဝန်းလေး
ပဟေဠိ ချိုချို အဖြေခါးခါး
ပုစ္ဆာများမှားတာလား
ပေးချက် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်
ပြရန် ချစ်သူစုံတွဲ
ပုံသေနည်းမှားတာလား
အချစ်အပေါင်းအချစ် ဆိုရင်
အဖြူရောင်တံတိုင်း အနှုတ်
သက်သေပြချက်က သူငယ်ချင်း
နောက်တခေါက်လောက် ပြန်ဖြေကြည့်ချင်သေးတယ်။ ။

စနေသီဟ

Thursday, November 6, 2008

ဟိုတွေးဒီတွေး(၁)

ဟိုတွေးဒီတွေး(၁)

တခါတလေတော့လည်း ဘာရယ်မဟုတ်ဘူး။ ဒီလိုပဲ တွေးချင်ငေးချင်မိပါတယ်။ ကျနော့်သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်။ နင့်ဘလော့က ကဗျာဘလော့ဖြစ်နေပြီတဲ့ခင်ဗျာ။ ဒီတော့မှ ကျနော်လည်း ပြူးတုပြဲတဲနဲ့ ကိုယ့်ဘလော့ကို ကိုယ်ပြန်ကြည့်မိပါတယ်။ ဟုတ်ပါတယ်။ ပို့စ် ၁၄ ခုမှာ တဝက်က ကဗျာတွေဖြစ်နေပါတယ်။ သူကပဲ အကြံပေးပါတယ်။ ပညာပေး အက်ဆေးလေးတွေ ရေးပါလားလို့ပေါ့။ ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးဆိုတော့ကာ ကြိတ်ပြုံးလိုက်ရပါတယ်။ မောင်ထက်ခိုင် ပညာ မပေးတတ်သေးပါခင်ဗျား။ မောင်ထက်ခိုင်မှာ အတွေ့အကြုံတွေသာ ရှိပါ၏။ ဒီနေရာမှာ စကားစပ်မိလို့ ပြောချင်ပါတယ်။ ကျနော်ကြိုက်တဲ့ စကားပုံလေးတစ်ခုပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက အတွေ့အကြုံက လာတယ်။ အတွေ့အကြုံဆိုတာကတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက လာတယ်။ ကျနော်တို့ ဘဝတွေမှာ မှားဖူးကြတာ အကြိမ်ကြိမ်။ မှန်တဲ့အကြိမ်က ခပ်နည်းနည်း။ မှားမှာစိုးလို့ သတိထားခါမှ အမှားသံသရာထဲ တဝဲလယ်လယ်။ မှားတဲ့နေရာမှာတော့ မောင်ထက်ခိုင်ကို မှီနိုင်သူ ရှားပါတယ်။ မသိလို့မှားတာ။ သိသိကြီးနဲ့ မှားတာ။ မှားနည်းကို စုံလို့ခင်ဗျ။ ဒါဆို မမှားအောင်နေပေါ့လို့ ပြောလို့ရပါတယ်။ မောင်ထက်ခိုင်လည်း ဘယ်မှာမှားချင်ပါ့မလဲ။ သတိထားရင်းပဲ မှားပြန်တာပေါ့ခင်ဗျာ။ ဥပမာပေးချင်ပါသော်လည်း စဉ်းစားလို့မရသေးပါ။ ဘလော့အကြောင်းဆက်ကြအုန်းစို့။
နောက်တစ်ယောက်က ပြောပြန်ပါရော။ နင် ကဗျာရေးတတ်တာ ငါလဲ မသိပါလားတဲ့။ ဘယ်တုန်းက ဖြစ်သွားတာလဲ မေးပြန်ပါပြီ။ ကျနော်မောင်ထက်ခိုင် ဘယ်လိုရှင်းပြရပါ့မလဲ။ သူတို့အတွက်တော့ အထူးအဆန်းကြီးပေါ့ ခင်ဗျာ။ ဟားစရာကြီးလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ မောင်ထက်ခိုင်တစ်ယောက် ပေါက်သွားပြီဆိုပြီးတော့။ အခုထိတော့ မောင်ထက်ခိုင်ကို ပေါ်တင်ကြီး ဟားတဲ့ သူငယ်ချင်းတော့ မရှိသေးပါဘူး။ အားလုံးက အားပေးကြပါတယ်။ ဆက်သာလုပ်တဲ့။ မောင်ထက်ခိုင်မှာ အကျင့်တစ်ခုရှိပါတယ်။ ဘာကိုမှ စွဲစွဲမြဲမြဲ မရှိတာပါ။ ကောက်ရိုးမီးနဲ့ တူပါတယ်။ ဟုန်းခနဲ တောက်ပြီး ပြန်ငြိမ်းသွားတတ်ပါတယ်။ အလုပ်တစ်ခု ဒါမှမဟုတ် စိတ်ဝင်စားစရာတစ်ခုကို အကြာကြီး စိတ်မဝင်စားတတ်ပါဘူး။ လုပ်ချင်ပြီဆို ချက်ချင်း။ လုပ်ပြီးသွားလို့ အချိန်ကြာလာတာနဲ့ စိတ်ဝင်စားမှုလျှော့လာပါတယ်။ ကြာရှည်စွဲမြဲစွာ လုပ်ဖို့ စိတ်မပါတော့ပါ။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံနဲ့ မောင်ထက်ခိုင် လုံးဝ မသက်ဆိုင်ပါ။ အစတော့ တော်တော်ကောင်းပါတယ်။ အလည်လောက်မှာ စိတ်ဝင်စားမှု လျော့ပါးလာလိုက်တာ အဆုံးမှာတော့ လုံးလုံး စိတ်မပါတော့ပါ ခင်ဗျား။ ကဗျာရေးတဲ့ ကိစ္စမှာလည်း ဘယ်လောက်ကြာအောင် ခံမလဲ စောင့်ကြည့်တော်မူကြပါခင်ဗျာ။ မောင်ထက်ခိုင် စကားပြောရင် စကားပုံလေးတွေ ထည့်ပြောတတ်ပါတယ်။ သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဆရာကြီးလည်း လုပ်တတ်ပါတယ်။ အလကားပဲတင်း အကြံတွေလည်းပေးတတ်ပါတယ်။ သိသိကြီးနဲ့လည်း လုပ်နေဆဲပါ။ ဝါသနာကိုး။ မောင်ထက်ခိုင် အကြောင်းပြောရင် သူမ အကြောင်းလည်း ပါသပေါ့ဗျာ။ မောင်ထက်ခိုင်ရဲ့ အကျင့်တွေကို မကြိုက်တဲ့သူ လက်ညိုးထောင်ပါဆိုရင် သူမက လက်ဆယ်ချောင်းထောင်ပါလိမ့်မယ်။ ပြောပြန်ရင်လည်း မောင်ထက်ခိုင် လွန်ရာကျပါမည်။ မိန်းကလေးများသည် ထူးဆန်းပါသည်။ သူတို့မှာ ပြောစရာလေးတွေ အမြဲရှိပါသည်။ နားထောင်သူရှိလို့ကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့ခင်ဗျာ။ မောင်ထက်ခိုင် နားထောင်တဲ့ အထိတော့ရပါတယ်။ ဒီလောက်မဆိုးသေးပါ။ ဒါပေမယ့် ထပ်ခါထပ်ခါ ပြောလာရင်တော့ မကြိုက်ပါခင်ဗျာ။ သူတို့က သူတို့ပြသနာကို ဖြေရှင်းချင်တာမှ မဟုတ်တာ။ နားထောင်ပေးမယ့်သူရှိလို့ကတော့ ညည်းပြချင်တာပါ။ ပြောလိုက်ရရင် ကျေနပ်သွားကြပါသည်။ ဒါကြောင့်လည်း နားထောင်ပေးတဲ့ ကောင်လေးများကို ကောင်မလေးတွေ သဘောကျသည်ပေါ့ ခင်ဗျာ။ မလည်မဝယ် မောင်ထက်ခိုင်တစ်ယောက်ကတော့ နားမထောင်ချင်ပါ။ ပြသနာကို ဖြေရှင်းပေးချင်ပါသည်။ ဖြေရှင်းပေးဖို့လည်း ကြိုးစားပါသည်။ သူမသည် တော်တော်ညည်းတတ်ပါသည်။ ဒီလိုနဲ့ သူမ အကြိုက်မလိုက်သောမောင်ထက်ခိုင် လူဆိုးကြီးဖြစ်ရပါသည်။ တခါတလေတော့လည်း သူမ ပြောတာတွေကို နားထောင်ပေးမိပါတယ်။ ပိုပိုညည်းလာတယ်ဟု မောင်ထက်ခိုင်ထင်မိပါတယ်။ အကြံပေးတတ်သူ မောင်ထက်ခိုင် နှင့် ညည်းတတ်သော သူမ ခဏ ခဏ ငြင်းကြခုံကြဖြစ်ရပါတယ်။ အခုတော့ မောင်ထက်ခိုင် စာတတ်သွားပါပြီ။ သူမက ဖြစ်ပြီးသား အဖြစ်အပျက်တစ်ခုကိုပြောပြီဆိုရင် ညည်းချင်လို့ဟု မှတ်ပါ။ မဖြစ်သေးသော အကြောင်းအရာတစ်ခုကို ပြောပါက အကြံတောင်းသည်ဟု ယူဆလိုက်ပါ။ ဒီနည်းလေးက မဆိုးပါ။ အမြဲတမ်းတော့ မမှန်ပါ။ ဒါပေမယ့် နည်းနည်းတော်သေးသည်ပေါ့ ခင်ဗျာ။ မောင်ထက်ခိုင်၏ စွဲစွဲမြဲမြဲ မရှိသော အကျင့်၊ လူတတ်ကြီးလုပ်တတ်တဲ့ အကျင့်၊ သူမကို နားမထောင်ပေးတတ်သည့် အကျင့်များကို လမ်းမှာတွေ့ရင် ဆုံးမပေးကြပါခင်ဗျာ။ ဒီနေ့ တွေးမိတာလေးတွေပါ။

ဟိုးအဝေး

Wednesday, November 5, 2008

နံပတ်တစ်

နံပတ်တစ်

လှည့်မကြည့်နဲ့တော့
မတားခင်က ခြေလှမ်းပြင်နေပြီးမှ
လွမ်းနေအုန်းမယ်တော့
ကိုယ့်ဟာကိုယ် အထင်မကြီးပါနဲ့
လမ်းတလျှောက် မျက်ရည်လှိုင်းစီး
ထူးထူးခြားခြား မင်းစကား
ချစ်ရင် အပြစ်မယူရ တဲ့
အပြုံးချိုချို သူလှည့်စား
ငါ့မှာ ယူစရာ ဘာမှမရှိတာ
အခင်းအကျင်း သိမ်းသွင်းတာလား
တပါးသူမနမ်းစေချင်တဲ့ ငါ
ဆန်းပြားတဲ့ ဒဏ်ရာ စဉ်းစားမိတဲ့ မင်းကို
အလေးပြု ဦးညွတ် လွမ်းဆွတ်သတိရ
မင်းရဲ့ နံပတ်တစ်ဟာ ငါတဲ့လား
ဂဏန်းမတွက်တတ် ကလေးငယ်လို
အတွဲကိုယ်စီ ရှိနိုင်သည်
တကယ်မချစ်ရင်ပြီးရော
အချိန်တန်ရင် အိမ်ပြန်
ငါ့ကို ချစ်ဆုံး တပြုံးပြုံး
ပါးပြင်ပေါ်က အနမ်းရွတ်ကို
ဘယ်လိုချွတ်ရမလဲ။ ။

စနေသီဟ

Monday, November 3, 2008

မသိလိုက်ပါ

မသိလိုက်ပါ

အားနာလိုက်တာ အချစ်ရယ်
ခေါ်နေတုန်း မထူးမိလို့
သိပ်ခက်တယ်
လှည့်ကွက်တွေကများ
မင်းခေါ်တာဟုတ်ရဲ့လား။

ဇဝေဇဝါ ဝိုးတဝါး
လူသားမဆန်လိုက်တာ
တောက်တချက် ဖွဖွခေါက်
မင်းရောက်လာတာ မသိလိုက်ဘူး
အမုန်းလားကွ။ ။

စနေသီဟ

နေ့နဲ့ည

နေ့နဲ့ည

ကဗျာ မစပ်ချင်တော့ဘူး.. တွေးမိရင် ရင်ဘတ်နာလို့
ချစ်ခဲ့ပြီးမှ အချစ်ရယ်..
ပျော်စရာရှိတုန်း အတူတူ ပျော်ခဲ့ပေမယ့်
ကိုယ်တစ်ယောက်ထဲ ကြိတ်လို့ငိုမယ်
ဆင်ပေါက် ဆိုထားတဲ့ သီချင်းထဲကလို
မင်းလက်ဖျားလေးမထိတာ ရှစ်နှစ်ပါ။
သေချာစဉ်းစားကြည့်တော့ ဆယ့်တစ်နှစ်
ဦးကျော်ဟိန်း ထက် တစ်နှစ်ပိုပြီး အော်လိုက်ချင်တယ်။
တချို့တချို့ တွေလို လမင်းကြီးကို ငေးကြည့်
လရောင်တွေကို လိုက်နမ်းလဲ မလုပ်ချင်တော့ပါဘူး။
ကမ္ဘာပေါ်မှာ နေ့နဲ့ည ရှိနေသမျှ
ဒို့ နှစ်ယောက် နေနဲ့လပဲ မြင်ရလိမ့်မယ်..
ကမ္ဘာမြေကို တွင်းတူးကြည့်ရင်တောင် မင်းမျက်နှာကို
သေးသေးလေး ပဲမြင်ချင်တယ်။
အကြီးကြီး မြင်ရရင် အများကြီးလွမ်းလို့
wire ကြိုးထဲက မင်းအသံ
computer screen ပေါ်က မင်းအရုပ်
လွမ်းနေတုန်း ခေါက်ဆွဲပြုတ်စားမိတယ်
မင်းကိုသတိရလွန်းလို့
အဝေးဆိုတဲ့ စကားကိုမုန်းတယ်
ပြေးထွက်သွားတာလား မေးပြီပေါ့.။
မပိုင်ရင်တောင် ဆိုင်လိုက်ချင်သား
ဘုရားကို ဦးချ မထူးတော့ပါဘူး
လုပ်သင့်တာတွေ လုပ်ကြရင်းနဲ့
စိတ်ဓါတ်တွေ ဒလဟောကျပြီ အချစ်ရယ်
လှမ်းလှမ်းကြည့်တုန်းက မင်းငယ်သေးတယ်
ဘယ်မှတ်မိပါ့မလဲ...
အချိုကြိုက်တဲ့ အချစ်ကလေးရယ်
chocolate တောထဲမှာ ကိုယ်မနေချင်ဘူး..
သတိရစရာတွေက တံဆိပ်အမျိုးမျိုးနဲ့
အနမ်းတွေကျတော့ ရှားပါးလိုက်တာကွာ.
နှုတ်ခမ်းတစစ်စစ်နဲ့ အလွမ်းတွေဖြတ်နေတယ်
လျှာဖျားလေးနဲ့ ချစ်ခဲ့ရင်ကောင်းသား..
နှလုံးသားကို ဓာတ်မလိုက်တော့ဘူးပေါ့..
ကိုယ်လေ ပို့စ်မော်ဒန် ကဗျာရေးတုန်းက
လူတွေကမေးကြတယ်
မင်းကောင်မလေး ဘယ်ရောက်သွားလဲတဲ့
ဘာဆိုင်လို့လဲလေ တိုးတိုးလေးပေါ့
အမျိုးမျိုးမေးလည်း အဖြေ တစ်မျိုးတည်းပေးလိုက်မယ်.
ကို့ရင်ဘတ်ထဲမှာ အချစ်=သူမ ရှိ၏.။
အချစ်မရှိ မဝင်ရ ဆိုရင် ကိုယ်တံခါးဝက လှည့်ပြန်မယ်..
သူငယ်တန်းကို အချစ်ဘာသာရပ်နဲ့ ကျနေဆဲပါ
စာကျက်လို့မရဘူး
စာအုပ်ဖွင့်ပြီး ဖြေအုံးတော့ အချစ်ရယ်
မင်းကို ချစ်နေဆဲပါ...။ ။

စနေသီဟ

Sunday, November 2, 2008

ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့။

အီးမေးလ်ကနေ ရတာပါ။

ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။
လောကမှာတခါတခါ ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့ ဖြစ်မလာလို့ ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့် ဒါကတချိန်မှာကိုယ့်အတွက်အကျိုးဖြစ်စေတာလက်တွေ့တွေအများကြီးပါ..


ပြောဖို့ ခက်ပါတယ်




တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။


"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။

ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။


------------------------------

ပုံပြင်လေးရဲ့ အနှစ်သာရ


ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အွန်လိုင်းအချစ်

အွန်လိုင်းအချစ်

မမြင်ရပေမယ့် ရင်ဘတ်ချင်းတူတယ်
စကားလုံးလေးတွေ စမ်းရေစီး
ပျောက်ပျောက်သွားမှာစိုးလို့
စာကြောင်းလေးတွေ ကော်ပီလုပ်
နှလုံးသားထဲ ပေ့စ်ရင်း ဆေ့ဗ်ထားတယ်

ဝက်ကမ်လုပ်တော့
ထင်လာတဲ့ မင်းပုံရိပ်
စကရင်ရှော့ ဘလောက်တုံး
အသည်းထက်မှာ တဒုံးဒုံး
အမြဲတမ်းအတွက် ပုံနှိပ်ထားတယ်

ဗီဇီအိုမှာ မင်း စပြောတော့
တိုးတိုးလေးမို့ မကြားလိုက်ဘူး
ရင်ခုန်သံ အပြင်းစား
ကြားခံနယ် ဝိုင်ယာကြိုး
အမျိုးမျိုး ရှုပ်ထွေး
ထပ်ပြောပါအုန်း ကြားချင်လို့

အွန်လိုင်းအချစ် အနှစ်မရှိဘူး
မမြင်ဘူးရင် တရားမဝင်ဘူး
နှစ်ကိုယ်ကြားစကား မဆိုဖြစ်ဘူး
တဟားဟား လှောင်နိုင်ကြပါပေ့
အူမြူးစရာ ပဒေသာပေါ့။ ။

စနေသီဟ
၁၆ ဖေဖော်ဝါရီ ၂၀၀၀